ရိက္ခာနှင့် စစ်သားများတင်ဆောင်လာသည့် စစ်ကောင်စီကား ၄စီးအား ချောင်းဦးမြို့အထွက်၌ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

Author လင်းခိုင်
Categories
Published on Oct 18, 2022

ရိက္ခာနှင့် စစ်သားများတင်ဆောင်လာသည့် စစ်ကောင်စီကား ၄စီးအား ချောင်းဦးမြို့အထွက်၌ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ CHU PDF က ယနေ့ထုတ်ပြန်ထားသည်။

ဖြစ်စဉ်သည် အောက်တိုဘာ ၁၇ ရက် နေ့လည် ၂နာရီတွင် မုံရွာမှ စစ်ကိုင်းဘက်သို့ ရိက္ခာနှင့် စစ်ကောင်စီတပ်သားများ တင်ဆောင်ပြီး ထွက်လာသော သံပြားကာကား ၄စီးအား ချောင်းဦးမြို့အထွက်၌ ပဒေသာမိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား လေးဦး ထိခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီယာဉ်တန်းသည် နတ်ရေကန်အနီးတွင် ရပ်တန့်ပြီး တစ်စီးသည် နောက်ပြန်လှည့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပဒေသာမိုင်း တစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည့် ပြီး ထိခိုက်၊ ကျဆုံးမှု အရေအတွက် အတိအကျမသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

အဆိုပါတိုက်ခိုက်မှုများကြောင့် စက္ကူစက်ရုံ၏ အရှေ့ဘက်တွင် ကျန်ရစ်နေသည့် သက်မဲ့ စစ်ကောင်စီ တပ်သား သုံးဦးကို လူနာတင်ယာဉ်များဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ အထိနာသည့် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ငါးယှန်းကျေးရွာရှိ ပြည်သူနေအိမ်သို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာ ၁၇ရက် နေ့လည် နှစ်နာရီခွဲကျော်တွင်လည်း စစ်ကိုင်းတိုင်း တပ်မ ၃၃မှ ထွက် လာသည့် စစ်ကား ၁၀စီးကို ချောင်းဦးမြို့အ၀င်နှင့် မြို့အထွက်တွင် ပူးပေါင်းတပ်ဖွဲ့များက ပဒေသာမိုင်း ၇လုံးနှင့် လက်လုပ်ဗုံး သုံးလုံးတို့ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ထိခိုက်ကျဆုံးများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။

အထက်ပါ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ချောင်းဦးမြို့နယ် ပကဖ၊ မုံရွာခရိုင်တပ်ရင်း (၆) တပ်ခွဲ (၁) ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။