စစ်မှုထမ်းအပတ်စဉ်သစ်အတွက် ရန်ကုန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သိန်း ၄၀ အထိ တောင်း

Author ကိုထက်
Categories
Published on Nov 09, 2024

စစ်မှုထမ်းအပတ်စဉ်သစ်ဖြစ်တဲ့ အမှတ်-၇ အတွက် စာရင်းကောက်တာ၊ ဆင့်ခေါ်တာတွေ လုပ်နေချိန်မှာ စစ်မှုထမ်းမလိုက်လိုသူတွေကို ကျပ် ၁၀ သိန်းကနေ သိန်း ၄၀ အတွင်း ပေးဖို့ နိုဝင်ဘာ လဆန်းပိုင်းကစပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တောင်းနေတယ်လို့ ကြုံတွေ့နေရတဲ့ရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။

 

တာမွေ၊ သန်လျင်၊ လှိုင်သာယာ၊ စမ်းချောင်းမြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးတချို့ဟာ လူစားထိုးဖို့၊ အစားထိုးတဲ့သူကို လစဉ်ထောက်ပံ့ဖို့လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စာရင်းပါသူ လူငယ်တွေရဲ့ မိသားစုတွေဆီက တောင်းယူနေတာလို့ သိရပါတယ်။

 

“ဒီက အုပ်ကြီးက ဘယ်ကိစ္စဖြစ်ဖြစ်ကို ပိုက်ဆံပဲ တွင်တွင်တောင်းနေတာပါ။ ရပ်ကွက်ထဲ အိမ်ရှင်/အိမ်ငှားစာချုပ်ချုပ်လည်း သူ့ပေးနေရတယ်။ အခုလည်း စစ်မှုထမ်းစာရင်းပါတဲ့သူတွေ ‌ရွှေ့ဆိုင်းချင်တာဖြစ်ဖြစ် အစားထိုးပေးမယ်။ မလိုက်ချင်တဲ့သူတွေစုပြီး သိန်း ၄၀ ပေး အဲဒီလိုတောင်းတာ။ အစားလိုက်ပေးမယ့်သူတွေရဲ့ မိသားစုတွေလည်းထောက်ပံ့ရမယ်ဆိုပြီးတော့ တောင်းတာ။ မပေးနိုင်ရင် စာရင်းပါတဲ့အတိုင်း လာခေါ်ရင်လိုက်ရမယ်ပဲ” လို့ တာမွေမြို့နယ်က စစ်မှုထမ်းစာရင်းပါသူ လူငယ်ရဲ့ မိသားစုဝင်တစ်ဦးက ‌ပြောပါတယ်။

 

ဒါ့အပြင် စမ်းချောင်းမြို့နယ်မှာလည်း လုပ်ငန်းရှင်တွေ၊ ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေကို စာရင်းထည့်သွင်းပြီး လူစားထိုးစေချင်ပါက ကျပ် ၁၀ သိန်းကနေစပြီး တောင်းယူနေတယ်လို့လည်း ရှင်စောပုရပ်ကွက်မှာနေထိုင်တဲ့ ဖြစ်စဉ်တွေကို သိရှိသူ အသက် ၅၀ အရွယ်အမျိုးသမီးက ပြောပါတယ်။

 

“အဓိကကတော့ သူတို့ပိုက်ဆံလိုချင်လို့ကို ဒီဟာ(စစ်မှုထမ်းကိစ္စ)ကိုမဲပြီး လုပ်နေတာ။ ပိုက်ဆံရှိတဲ့အိမ်တွေက ကောင်လေးတွေရဲ့ နာမည်နဲ့ကို အိမ်ပေါ်တက်ပြီး စာရင်းပါတယ်။ လူစားထိုးချင်ရင် ၁၀ သိန်း၊ သိန်း ၂၀ အဲဒီလိုတွေတောင်းတာ။ အသိမိတ်ဆွေရဲ့ သားတစ်ယောက်လည်း အဲဒီလိုပေးပြီး အခုထိုင်းကိုပို့လိုက်ရတယ်။ လူစားထိုးတော့လည်း ပိုက်ဆံမပေးနိုင်တဲ့ ဆင်ခြေဖုံးဘက်တွေက လူငယ်လေးတွေကိုပဲ ခေါ်တာလေ” လို့ သူက ‌ပြောပါတယ်။

ဒါ့အပြင် သန်လျင်မြို့နယ်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေပေါင်းပြီး စစ်မှုထမ်းအကြောင်းပြ ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်လို့ မြေပြင်ကင်းထောက်ချန်နယ်လ်တွေမှာ ဖော်ပြကြပါတယ်။

 

အရင်အပတ်စဉ်တွေက တာမွေမြို့နယ်မှာတော့ အခုတောင်းတဲ့ငွေကြေးထက် နည်းပါးပြီးတော့ စမ်းချောင်းမြို့နယ်မှာတော့ အပတ်စဉ်တိုင်းလိုလိုကို အခုပေးလိုက်ရတဲ့ငွေကြေးပမာဏအတိုင်း ပေးနေရတာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

 

စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး ရန်ကုန်က မြို့တွင်းမြို့နယ်‌တွေမှာ တစ်အိမ်ထောင်ကို ကျပ် ၅၀၀၀ ကောက်ခံနေပြီး ကျေးရွာတွေမှာတော့ တစ်အိမ်ထောင်ကို ကျပ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ အထိကို လစဉ်ကောက်ခံနေတာပါ။

 

ရန်ကုန်မှာ စစ်မှုထမ်း အပတ်စဉ် – ၇ အတွက် ဆင့်ခေါ်တာ၊ ဖမ်းဆီးတာတွေကို အခုနိုဝင်ဘာလ အစမှာပဲ စစ်ကောင်စီလက်အောက်ခံတွေက လုပ်ဆောင်နေပါတယ်။

 

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၆ ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကစပြီး သင်တန်းပေးနေပြီဖြစ်ပြီး သင်တန်းမဆင်းခင်မှာပဲ အခုအပတ်စဉ် ၇ အတွက် လူစုခိုင်းနေတာဖြစ်ပါတယ်။

 

အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်လူရွယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ် အဓိကထား စုဆောင်းနေတာဖြစ်ပြီး အဲဒီ အသက်အပိုင်းအခြားလူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။

 

ဓာတ်ပုံ – MOI

 

ပုံစာ – တာမွေမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေလက်ကမ်းစာစောင်တွေ စစ်ကောင်စီက လိုက်ဝေနေပုံ (ပုံဟောင်း)