ဂျိုကာနီ စစ်ဆင်ရေးအဖြစ် စစ်သားဇနီးများအား ကာရာတေးသင်ခိုင်းနေမှုကြောင့် တပ်တွင်း၌ လင်မယားကွာရှင်းမှုတွေ များလာနေ

Author အောင်နိူင်သူ
Categories
Published on Oct 15, 2022

စစ်ကောင်စီက ပေးသည့် သိုင်းသင်တန်းကို စစ်ကောင်စီ တပ်သားများ၏ ဇနီးများ မဖြစ်မနေတက်နေရသည်ဟုစစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နောက်တန်းတွင် ကျန်ရှိနေသည့် ခြေလျင် ၊ခြေမြန်တပ်ရင်း သုံးခုရှိ စစ်ကောင်စီတပ်သားများ၏ ဇနီးများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မင်္ဂလာဒုံမြို့နယ်ရှိ ဌာနချုပ်အတွင်း ဖွင့်လှစ်သည့် ကာရာတေးသင်တန်းကို မဖြစ်မနေတက်နေရသည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

“ခြေမြန်တပ်ရင်း ၁၁ နဲ့ခြေလျင်တပ်ရင်း ၄ က စစ်သားတွေရဲ့ မိန်းမတွေ အကုန်တက်ရတယ် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေက လူတွေချည်းပဲတက်ရတာ ကာရာတေး သင်တန်းပေးနေတာ တစ်ဦးချင်းတွေ့ရင် တိုက်လို့ရအောင်”ဟု ပြောသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ လျှို့ဝှက်နာမည်မှာ ဂျိုကာအနီဟု စစ်တပ်အသိုင်းအဝိုင်းတွင်ခေါ်ကြပြီး အဆိုပါသိုင်းသင်တန်းကို ဂျိုကာနီစစ်ဆင်ရေးဟု ခေါ်ဆိုကြောင်း စစ်မှုထမ်းဟောင်းတစ်ဦးက CJ Platform ကို ပြောသည်။

“ဂျိုကာနီ စစ်ဆင်ရေးနဲ့သိုင်းသင်တန်းကြောင့် အချို့ ရဲဘော်တွေရဲ့ မိန်းမတွေဆို ကွာရှင်းပြီး တပ်ထဲက ထွက်ပြေးကုန်ပြီ စစ်သားတွေရဲ့မိန်းမတွေက ဖက်ထိပ်လည်းလုပ်ရ အိမ်မှု့ကိစ္စလည်းလုပ်ရ အခုတစ်ခါ သိုင်းလည်းသင်နေရတယ်ဆိုတော့ ကွဲကြတာလည်းမှန်တယ်”ဟု ရှင်းပြသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး သုံးဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့သုံးဖွဲ့နှင့် ၎င်းအောက်တွင် ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ရင်းရှိပြီး အလှည့်ကျသင်သွားမည်ဟု စစ်တပ်နှင့်နီးစပ်သူတွေဆီက သိရသည်။