မြန်မာဟာ ဘာသာရေးလွတ်လပ်ခွင့် အများဆုံး ချိုးဖောက်ခံနေရတဲ့ နိုင်ငံဖြစ်နေ

Author လဂွန်းအိမ်
Categories
Published on Nov 02, 2024

မြန်မာနိုင်ငံဟာ ပဋိပက္ခတွေကြား ဘာသာရေးလွတ်လပ်ခွင့် အများဆုံး ချိုးဖောက်ခံနေရတဲ့ နိုင်ငံဖြစ်ပြီး အထူးစိုးရိမ်ရတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က (USCIRF) အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီအနေနဲ့ နယ်မြေတွေဆုံးရှုံးခဲ့ရကာ တိုင်းရင်းသားလက်နက်ကိုင် EAO နယ်မြေတွေ အားကောင်းလာခဲ့ပြီး စင်ပြိုင်အစိုးရ တည်ဆောက် လာတာနဲ့အမျှ အခြေအနေတွေဟာ ပိုမိုဆိုးရွားလာတယ်လို့ ဖော်ပြထားပါတယ်။

 

မြန်မာအတွင်းဖြစ်ပွားနေတဲ့ စစ်ရေး နိုင်ငံရေး ပဋိပက္ခတွေကြားမှာ ဘာသာရေးအသိုင်းအဝိုင်းတွေ တိုက်ခိုက်ခံနေရာတွေအပြင် ပဋိပက္ခတွေ အရှိန်မြင့်လာတာဟာ ဘာသာရေး လွတ်လပ်ခွင့် (ဒါမှမဟုတ်) လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အပြုသဘောမဆောင်တဲ့ အကျိုးသက်ရောက်စေတယ်လို့ ဖော်ပြပါတယ်။

 

အမေရိကန်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် EAO တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး ဦးစားပေးဖြေရှင်းဖို့နဲ့ ထိတွေ့ဆက်ဆံဖို့ကိုလည်း အစီရင်ခံစာမှာ အကြံပေးထားပါတယ်။

 

ဒါ့အပြင် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက အစိုးရတွေနဲ့ လက်တွဲပြီး ရိုဟင်ဂျာနဲ့ မြန်မာဒုက္ခသည်တွေအရေး ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အပေါ်မှာ သာသနိက အဆောက်အအုံတွေ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေ၊ အသင်းအဖွဲ့တွေနဲ့  အဆောက်အအုံတွေကို ဆိုးဆိုးရွားရွား လက်နက်အားကိုးနဲ့ တိုက်ခိုက်နေခဲ့ပြီး ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်နေတာဟာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီဝင်တစ်ဦးက ဆိုပါတယ်။

 

“စစ်ကောင်စီဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ချိုးဖောက်နေတယ်ဆိုတာ အရှိတရားတွေက သက်သေခံနေတယ်။ ဆက်လက်ပြီးတော့လည်း အင်နဲ့အားနဲ့ ချိုးဖောက်နေတယ်”လို့ သူက CJ Platform ကို ပြောပါတယ်။

 

ဘာသာရေးနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေညာစာတမ်းမှာ လူတိုင်းလွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်ဆိုတဲ့အတိုင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်၊ ဆန့်ကျင် ပြစ်တင်ရှုတ်ချတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အဆင်ပြေပေမဲ့ စစ်ကောင်စီထိန်းချုပ်တဲ့ နေရာတွေမှာတော့ ဘုရားကျောင်းတွေမှာ လူစုလူဝေးမလုပ်ဖို့နဲ့ ဘုရားကျောင်းတက်ဖို့ လူကန့်သတ်တာတွေ ရှိနေတယ်လို့ ချင်းပြည်က ခရစ်ယာန်နှစ်ခြင်းအသင်းတော် ဓမ္မဆရာတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“အခုက အရင်ကလို မဟုတ်တော့ဘူး၊ ၄၀ ရာနှုန်းလောက်ပဲ ဘုရားကျောင်းတက်နိုင်တော့တယ်”လို့ သူက CJ Platform ကို ပြောပါတယ်။

 

တိုက်ပွဲတွေကြောင့် လူပေါင်း သုံးသန်းကျော်ဟာ ထွက်ပြေးနေကြရတဲ့အပြင် တချို့က ပြည်ပမှာ ခိုလှုံနေထိုင် ကြရကြောင်းနဲ့  လက်ရှိကြုံနေရတဲ့ ပြဿနာတွေဟာ မတူကွဲပြားတဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေအတွက် အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေတယ်လို့လည်း အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

 

ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

ပုံစာ – ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ကန့်ဘလူမြို့နယ် ကျောက်တိုင်ရွာရှိ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် မီးရှို့ခံခဲ့ရတဲ့ မြင်ကွင်း

 

Related News

Depend on news