စစ်ကောင်စီက ပြုလုပ်သည့် ကျိုက်ထီးရိုးပစ်ခတ်မှုဆန္ဒပွဲ နေ့စားခနည်းပါး၍ လာရောက်သူမရှိ

Author အောင်နိူင်သူ
Categories
Published on Oct 14, 2022

မန္တလေးတွင် ကျိုက်ထီးရိုးပစ်ခတ်မှုဆန္ဒပြရန် စစ်ကောင်စီကပေးသည့် နေစားခနည်းပါး၍ လာရောက်သူမရှိသည့်အတွက် အမျိုးသားရေးသမားများကို စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုမှုများရှိနေသည် ဟု အမျိုးသားရေးအစွန်းရောက်သမားများ ဆုံတွေ့နေကြ အရက်ဆိုင်အချို့ထံမှ သိရသည်။

ကျိုက်ထီးရိုးပစ်ခတ်မှုကို PDF များပစ်ခတ်၍ သေဆုံးခဲ့သည်ဟု ဝါဒဖြန့်ရန် မန္တလေးတွင် လူအင်အားများပြားစွာဖြင့် ဆန္ဒပြရန် စစ်ကောင်စီက စီစဥ်ခဲ့သော်လည်း လာရောက်သူနည်းပါးခြင်းကြောင့် သတိပေးပြောဆိုမှုတွေရှိနေသည်ဟု အမည်မဖော်လိုသူ အရက်ဆိုင်ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်က မြဝတီတို့ MRTV တို့ပါခေါ်ထားတာ အင်အားများများနဲ့ပြမယ် live လွှင့်မယ်ပေါ့ တကယ် တမ်းကျတော့လူကခေါ်လို့မရဘူး နေ့စားခ ၅၀၀၀ နဲ့ ဘယ်သူမှမလိုက်တော့ ၁၅၀၀၀ နဲ့ ၂၀၀၀၀ ရမှာ လိုက်မယ်ဆိုပြီး ဖြစ်နေတော့ လူမရှိဘူး လူဆယ်ယောက်ကျော်ပဲရတယ် စစ်တပ်က ဒေါသထွက်နေတယ်၊အဲ့ဒါကို အဲ့ပွဲက ပြန်လာတဲ့သူတွေပြောတာ ကျွန် တော် ကြားတယ်”ဟု ပြောသည်။

နေ့စားခယူ၍ ဆန္ဒပြသူများမှာ ကုန်စျေးနှုန်းတက်၍ ဆန္ဒပြသည့် အခကြေးငွေများမှာ တစ်နေ့လျှင် ၁၅၀၀၀ နှင့်၂၀၀၀၀ ကြားပေါက်ကြေးရှိနေပြီး ၅၀၀၀ ဖြင့်ခေါ်ယူရာလိုက်မည့်သူမရှိကြောင်း ပွဲစီစဉ် သူတစ်ဦးက အရက်မူး၍ ပြောကြားနေကြောင်း အဆိုပါ ဝန်ထမ်းပေးပို့လာသည့် အသံဖိုင်မှတ်တမ်းအရ သိရသည်။

“နေ့စားခက အချိန်နဲ့သွားတာရှိတယ် ပတ်ကေ့ နဲ့သွားတာရှိတယ် ဆိုင်းဘုတ်ကိုင်က စျေးတစ်မျိုး လမ်းလျှောက်ရုံပဲဆို စျေးတစ်မျိုး အော်တဲ့သူ ဟောပြောတဲ့သူက ပိုရတယ် ဆန္ဒပြအဖွဲ့ကလည်း သူအဖွဲ့နဲ့သူရှိတယ် ကြံ့ခိုင်ရေးတုန်းကလည်း နေ့စားခမရတော့ အခုဆိုဆန္ဒပြတဲ့အဖွဲ့က နေ့စားခကြေးမြင့်သွားတယ်”ဟု ၎င်းတို့ ပြောကြားနေအသံမှတ်တမ်းတွင် ပါရှိသည်။

မန္တလေးတိုင်း စစ်ကောင်စီမှ ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့သူများကို သင်္ကန်းဝတ်ဆင်ထားသူ ဆရာတော်တစ်ပါးလျှင် ငါးသောင်း လူတစ်ဦးလျှင် သုံးသောင်းပေးခဲ့သည်ဟု ရရှိထားသည့် အချက်အလက်များအရ သိရသည်။

မန္တလေးတွင် ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာရောက်ကြသော ပြည်သူများအပေါ် KNUနှင့်PDF များမှ ရည်ရွယ်ချက်ရှိရှိ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့သည်ဟု ဆိုကာဆန့်ကျင်ရှုတ်ချကြောင်း မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂအဖွဲ့(မန္တလေး)နှင့် နေ့စားသမားများက ဆန္ဒပြခဲ့တာဖြစ်သည်။