မုန်တိုင်းဒါနာအရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးကြီး/လေပြင်းတိုက်ခတ်နိုင်

Author လဂွန်းအိမ်
Categories
Published on Oct 24, 2024

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဒါနာ(DANA)ရဲ့အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ဒီကနေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီကနေ့ မွန်းလွဲပိုင်းကနေ မနက်ဖြန် အောက်တိုဘာ ၂၅ ရက် နေ့လယ် ၂ နာရီအထိ တနင်္သာရီ၊ ကရင်၊ ကရင်နီ(ကယား)ပြည်နဲ့ မွန်ပြည်တို့ကလွဲပြီး ကျန်ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

အခုလို ဆိုင်ကလုန်းမုန်တိုင်းဒါနာအရှိန်ကြောင့် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ အဲဒီလိုနေရာတွေမှာ နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ စစ်ကောင်စီမိုးဇလက သတိပေးထားပါတယ်။

 

လတ်တလော ဒါနာဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနေပြီး မနက်ဖြန် အောက်တိုဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ရှိ ပူရီမြို့(Puri)နဲ့ ဆာဂါကျွန်း(Sagar Island) တို့အကြား ဒမ်မရာမြို့(Dhamara)အနီးကနေ ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

 

အဲဒီမုန်တိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၆၀ ကနေ ၆၅ မိုင်နှုန်းခန့်ဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှတ်ထားပါတယ်။

 

ဓာတ်ပုံ – MFSD

 

ပုံစာ – ယမန်နေ့ အောက်တိုဘာ ၂၃ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ယုဇနလမ်းမှာ နေအိမ်ပေါ် သစ်ပင်လဲကျလို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းပေးနေစဉ်