ပြည်သူ့စစ်လုံခြုံရေးအဖွဲ့တွေ ဖွဲ့ပြီးနောက် ရန်ကုန်မှာ ဖောက်ထွင်းခိုးယူမှုတွေ ပိုများလာ

Author ကိုထက်
Categories
Published on Oct 15, 2024

ရန်ကုန်မှာ စစ်ကောင်စီက ပြည်သူ့စစ် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတဲ့နောက် နေအိမ်၊ တိုက်ခန်းတွေမှာ ဖောက်ထွင်းခိုးယူမှုတွေ ပိုများလာလို့ မြို့ခံတွေအနေနဲ့ စိတ်ပျက်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဖောက်ထွင်းခိုးယူသူတွေဟာ အိမ်တွင်းပစ္စည်း၊ ကားပစ္စည်းနဲ့ ရေမော်တာတို့လို ပစ္စည်းတွေကို အများဆုံး ဖောက်ထွင်း ခိုးယူကြတယ်လို့ ဆိုပါတယ်။

 

“ကမာရွတ်မှာက သူခိုးတွေ ပိုပို အတင့်ရဲနေတာ။ တစ်ရက်တည်းမှာကို နေ့ခင်းကြောင်တောင်လည်း ရေမော်တာဖြုတ်အခိုးခံရတဲ့အိမ်နဲ့ ကားတွေ ရပ်ထားတာလည်း ဘက်မှန်၊ ဘီးဖုံး တစ်ခုပြီးတစ်ခုကို ပါနေတာ။ အိမ်အတွင်းပစ္စည်းတွေလည်း ဒီလိုပဲ”လို့ ကမာရွတ်မြို့နယ်က အသက် ၃၀ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိ ကမာရွတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီက လူမိုက်၊ ပျူစောထီးအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးပြီး လုံခြုံရေးယူခိုင်းတာတွေ ပြုလုပ်နေပါတယ်။

 

အရင်က တိုက် မြေညီခန်းနဲ့ လုံးချင်းအိမ်တွေလောက်ပဲ သူခိုးရန်ရှိပြီး အခုနောက်ပိုင်း အထပ်မြင့်တိုက်ခန်းတွေကိုပါ ဝင်ရောက်ခိုးယူတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုပါတယ်။

 

“ရပ်ကွက်ထဲ သူခိုး အခိုးမခံဘူးတဲ့ အိမ်ဆိုတာလည်း မရှိတော့ဘူးဗျာ။ မနက်မနက်ဆို ငါ့အိမ်က ဘယ်ပစ္စည်းပါသွား ပြီဆိုတာက လမ်းထိပ်ထွက်တာနဲ့ ကြားနေရတာ။ ရဲစခန်းသွားတိုင်လည်း ဘာမှ မရှင်းပေးဘူး။ သူတို့တောင် ပေါင်းစားနေသလားမှတ်ရတယ်”လို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ  ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှုတွေမရှိဘဲ ခိုးဆိုးလုယက်တွေ   ပိုမိုဖြစ်ပွားနေပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက်လို့ဆိုကာ အသက် ၃၆ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသားတွေကို စစ်သင်တန်း တစ်လတက်ခိုင်းပြီး၊ ရပ်ကွက်လုံခြုံရေးအတွက် လုပ်ခိုင်းဖို့ ရာထားခဲ့ပါတယ်။

 

ဒါပေမဲ့ လုပ်ဆောင်သူ မရှိတာကြောင့် စစ်ကောင်စီလက်အောက်ခံတွေက လူမိုက်တွေကိုသာ လက်နက်ပေးကိုင်ပြီး လုံခြုံရေး ဆောင်ရွက်ခိုင်းတာဖြစ်တယ်လို့ မြို့နေပြည်သူတွေက CJ Platform ကို ပြောပါတယ်။

 

သတင်းနဲ့ ဓာတ်ပုံ –

 

ပုံစာ – ရန်ကုန်မြို့လယ်က လူနေတိုက်ခန်းတွေကို တွေ့ရစဉ်