ရန်ကုန်ကို စစ်ခေါင်းဆောင် လာအပြီး ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

Author ကိုထက်
Categories
Published on Oct 12, 2024

ရန်ကုန်မြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ နဲ့ ၉ ရက်နေ့တွေမှာ စစ်ခေါင်းဆောင်လာရောက်အပြီး ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။

 

ယမန့်နေ့ အောက်တိုဘာလ ၁၁ ရက် ညပိုင်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်က (ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

 

အောက်တိုဘာလ ၁၁ ည ၈ နာရီ ၃၈ မိနစ်ခန့်က အဲဒီအုပ်ချူပ်ရေးမှူးရုံးထဲကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ ရှိနေစဉ် လက်ပစ်ဗုံးနှစ်လုံးပစ် တိုက်ခိုက်ခဲ့တာလို့ အဲဒီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ပြည်သူတွေတိုင်ကြားချက်အရ တိုက်ခိုက်ခဲ့တာပါ။ သန်းခေါင်စာရင်းကောက်ယူမှုတွေကို မရပ်မချင်း အခုလိုပဲတိုက်ခိုက်သွားမှာပါ။ ရုံးထဲမှာ သူတို့(အုပ်ချုပ်ရေးအဖွဲ့)တွေ ရှိနေတော့ ထိခိုက်ဒဏ်ရာရတာတွေရှိပါမယ်” လို့ ၎င်းက ပြောပါတယ်။

 

‌ဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က (ဋ)ရပ်ကွက် ဣန္ဒြာလမ်းမတလျှောက် ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ အဲဒီလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

 

“ဗုံးပေါက်တာဟုတ်တယ်။ နှစ်ခါတောင်ကြားရတာ။ ရပ်ကွက်ရုံးထဲကိုပစ်သွားတာလို့ ပေါက်ပြီးပြီးချင်း သိရတာပဲ။ စစ်တပ်ကားတွေ ဒီဣန္ဒြာလမ်းမတစ်လျှောက်၊ လမ်းသွယ်တွေကိုရော ပိတ်ပြီးစစ်တာတွေလုပ်တယ်” လို့ (ဋ)ရပ်ကွက် ဣန္ဒြာလမ်းမနေ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်ကိုလုံခြုံရေးတင်းကျပ်လုပ်ဆောင်ဖို့ အောက်တိုဘာလ ၈ ရက်က ရန်ကုန်ရောက်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

 

သူပြန်သွားပြီးနောက် အောက်တိုဘာလ ၁၀ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းမပေါ် သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်‌ကောင်စီတပ်သား သုံးဦး၊ ရဲ နှစ်ဦး လက်နက်အပြည့်အစုံနဲ့ အထိုင်ချထားတဲ့ ယာယီဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် အောက်တိုဘာလ ၁၀ ရက် ညပိုင်းမှာလည်း ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံးအနီးရှိ အမှတ် ၁၉ (သံဒင်း)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း Yangon Army အဖွဲ့က လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီလက်အောက်ခံတချို့ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

 

စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၁ ရက်နေ့တို့မှာ ရန်ကုန်ကိုရောက်လာခဲ့ပြီး ရွေးကောက်ပွဲကို အထောက်အကူပြုစေမယ့် သန်းခေါင်စာရင်းကောက်ယူမှုတွေ အောက်တိုဘာ ၁ ရက်က စလုပ်မယ့်အကြောင်း ပြောသွားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်