မင်းတပ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးမလည်ပတ်နိုင်တော့လို့ သန်းခေါင်စာရင်း ကောက်နိုင်မှာမဟုတ်လို့ဆို

Author လဂွန်းအိမ်
Categories
Published on Oct 09, 2024

မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့တော်လှန်ရေးအဖွဲ့တွေပြောထားတဲ့ ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးမလည်ပတ်နိုင်တော့တဲ့အတွက် သန်းခေါင်းစာရင်း ကောက်ယူနိုင်မှာမဟုတ်ဘူးလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က CJ Platform ကို ပြောပါတယ်။

 

ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့အထိလည်း မင်းတပ်မှာ သန်းခေါင်စာရင်းမကောက်နိုင်သေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူမယ်လို့ စစ်ကောင်စီက အောက်တိုဘာလဆန်းကတည်းက ပြောထားပြီး လက်ရှိမှာလည်း ကောက်ယူမှုတွေပြုလုပ်နေပေမဲ့ နိုင်ငံတဝန်းမှာ စစ်ကောင်စီ လက်လွှတ်ထားရတဲ့ မြို့ရွာတွေရှိသလို မင်းတပ်မှာလည်း မြို့ပေါ်ရော၊ နယ်မှာပါ ဘယ်လိုမှ ကောက်ခံလို့ရမှာ မဟုတ်ဘူးလို့ စုံစမ်းသိရှိရပါတယ်။

“သူတို့အနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌာနဆိုင်ရာ အကြီးအကဲတွေ အစပေါ့။ ဘယ်လိုမှ ဘာမှ ပြန်မလည်ပတ်နိုင်တော့တဲ့ အခြေအနေပေါ့။ သန်းခေါင်စာရင်းကောက်ခံသူတွေကို အရေးယူမယ်လို့ စာထုတ်ထားတာရှိပေမဲ့ ကျွန်တော်တို့အနေနဲ့  အရေးယူစရာတောင် ရှိမှာ မဟုတ်ပါဘူး” လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။

 

လက်ရှိမှာတော့ မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ သွားလာတာမျိုးတွေရှိနေတယ်လို့ CJ Platform အနေနဲ့ စုံစမ်းသိရှိရသလို မင်းတပ်မြို့မှာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုတွေလည်း ရှိနေပါတယ်။

 

စစ်ကောင်စီကတော့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အပြင် မြို့ပေါ်မှာရှိတဲ့ နေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ဆိုပါတယ်။

 

မင်းတပ်မြို့မှာ ပြည်သူများအများစု နေထိုင်တာတွေ မရှိတော့ဘဲ မြို့တွင်းမှာ လူဦးရေ ၂၀၀ နီးပါးသာ နေထိုင်ပြီးတော့ မြို့ပြင်လည်း မထွက်နိုင်ကြဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ပြင်ဆင်တာတွေလည်းမရှိပါဘူး။ လူလည်းမရှိပါဘူး။ ရှိတဲ့သူနည်းနည်းလေးပဲ ရှိတော့တာပါ” လို့ မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မင်းတပ်မြို့မှာ ဘုရင့်နောင်လမ်းခွဲ အနောက်ဘက်ရပ်ကွက်တွေမှာသာ ပြည်သူအများစုဟာ နေထိုင်နေကြပြီး အရှေ့ပြင် ရပ်ကွက်တချို့မှာတော့ ပြည်သူတချို့ နေထိုင်နေတယ်လို့ စုံစမ်းသိရှိရတဲ့အပြင် လက်ရှိမှာ ဖုန်းလိုင်းတွေ အဆက်အသွယ်ပြတ်တောက်နေပြီး ရံဖန်ရံခါတော့ ရတတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

စစ်ကောင်စီဟာ သန်းခေါင်စာရင်းစကောက်ခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ မင်းတပ်မြို့ပေါ်ရှိ လူနေထိုင်တဲ့နေအိမ်တွေအပါအဝင် လူနေအိမ် ၄၀ နီးပါးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

“သေနတ်တွေ ပစ်ဖောက်တော့ လူတွေကြောက်ပြီး ထွက်ပြေးတဲ့အချိန် ရှို့တာ။ မီးလောင်တဲ့အချိန်မှာ မီးငြှိမ်းသတ်ချင်ပေမဲ့ သေနတ်တွေ ပစ်ဖောက်ပြီး အိမ်ပြင် မထွက်ခဲ့နဲ့ဆိုပြီး ပြောတော့ မငြှိမ်းသတ်ရဘူး။ အခုရက်တွေထဲမှာလည်း သုံးလုံးကနေ ငါးလုံးလောက် မီးရှို့နေသေးတယ်” လို့ နောက်ထပ် မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရှိနေပြီး အဲဒီတပ်ကနေ လူနေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရှိရတဲ့အပြင် စစ်ကောင်စီဟာ လေကြောင်းကနေလည်း လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို ခလရ ၂၇၄ တပ်ထဲ အကြိမ်ကြိမ် ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ ဩဂုတ်လနဲ့ စက်တင်ဘာလ နှစ်လတာအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးမှု စုစုပေါင်း ခုနစ်ကြိမ်ရှိခဲ့ပြီး ဩဂုတ်လမှာ တစ်ကြိမ်နဲ့ စက်တင်ဘာလမှာ ခြောက်ကြိမ် မီးရှို့ခဲ့လို့ နေအိမ် ၃၆ လုံး မီးလောင်ခဲ့တယ်လို့ CDF Mindat က စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမှာ ၂ လအတွင်း ၄၄ ကြိမ်ရှိခဲ့ပြီး အရပ်သား တစ်ဦး ထိခိုက်ကာ စာသင်ကျောင်း နှစ်ကျောင်း၊ ဘော်ဒါဆောင် လေးလုံးနဲ့  လူနေအိမ် ကိုးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Salai Naing Hung

 

ပုံစာညွှန်း – ဧပြီလအတွင်းက မင်းတပ်မြို့အခြေအနေကို တွေ့ရစဉ်