ကင်ပွန်းစခန်း တောင်တက်ကားဂိတ်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ် အမျိုးသမီး ၃ဦးသေ ၁၇ ဦး ဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Oct 12, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်ပွန်းစခန်းတောင်တက်ကားဂိတ်၌ ယနေ့ မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှု့ဖြစ်ပွားရာ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ၏ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတွေဆီက သိရသည်။

ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်ပွန်းစခန်းတောင်တက်ကားဂိတ်၌ ယနေ့ မနက် ၁၁ နာရီက လက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်များအပြန်အလှန် ပစ်ခတ်ခဲ့ရာမှ ဘုရားဖူးလာသူ အမျိုးသမီး ၃ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အချို့ရှိသည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဘယ်အဖွဲ့က ပစ်လို့ထိသွားတာလဲတော့ မသိဘူး သုံးဦးသေတယ် ဒဏ်ရာရတဲ့သူတွေလည်း များတယ် လူနာတင်ယာဥ်တွေနဲ့ သယ်သွားတယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဘုရားဖူးပြည်သူ အမျိုးသမီး(၃)ဦးမှာ သေဆုံးခဲ့ပြီး အမျိုးသား ၈ဦးနှင့် အမျိုးသမီး၉ ဦး စုစုပေါင်း (၁၇)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ကျိုက်ထိုဆေးရုံးသို့ ပို့ဆောင်ကုသပေးနေသည်ဟု မွန်ပြည်နယ်အစိုးရနှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“သေတဲ့အမျိုးသမီးသုံးဦးက ရန်ကုန်ကဗျ သဃ်န်းကျွန်းကလို့သိရတယ် ၁၇ ဦးမှာ အချို့က အခြေအနေမကောင်းဘူး စိုးရိမ်ရတယ်”ဟု ရှင်းပြသည်။

သေဆုံးခဲ့သူအမျိုးသမီးသုံးဦးမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ဒေါ်ခင်မ၊ ဒေါ်အေးအေးကြည်၊ ဒေါ်ကျော့ကေခိုင်တို့ဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့နီးစပ်သူက က CJ Platform ကို အတည်ပြုပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ကျိုက်ထီးရိုးဘုရားနှင့် တောင်တက်လမ်းတွေမှာ အင်အားအများအပြားလုံခြုံရေးချထားသည်ဟု ဒေသခံတွေဆီက သိရသည်။