ကျောက်မဲမြို့ကို သိမ်းနိုင်ပြီလို့ TNLA ခေါင်းဆောင်အတည်ပြု

Author ကိုထားဝယ်
Categories
Published on Aug 06, 2024

ရှမ်းမြောက်၊ ကျောက်မဲမြို့ကို တအာင်းတပ် TNLA က ဒီကနေ့မှာ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူးချုပ် တာဘုန်းကျော်က အတည်ပြုပြောကြားလိုက်ပါတယ်။

 

“မင်းတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ငါတို့ရဲ့အောင်မြင်မှုတွေအားလုံးကို အလေးပြုပြီး လေးစားတယ်” လို့ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ အောင်ပွဲရရဲဘော်တွေကို ပြည်သူတွေက ပန်းတွေနဲ့ကြိုနေပုံကို ဖော်ပြရင်း တာဘုန်းကျော်က ၎င်းရဲ့လူမှုကွန်ရက်ပေါ်ကနေ ပြောလိုက်တာပါ။

 

“ငါတို့အားလုံးမြို့ကို ပြန်လည်တည်ဆောက်ပြီး တောက်ပတဲ့အနာဂတ်တွေကို ပြန်လည်ရယူကြမယ်လို့ သူ့ရဲ့ငယ်ဘဝကြီးပြင်းရာမြို့ဖြစ်တဲ့ ကျောက်မဲမြို့သိမ်းနိုင်ခဲ့ပုံကို ပုံဖော်ပြောကြားပါတယ်။

 

ကျောက်မဲမြို့ကို တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာပဲ စတင်တိုက်ခဲ့ပြီးနောက် မြို့တွင်းကို တအာင်းတပ်နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် အဓိကတပ်စခန်းကုန်းတွေဖြစ်တဲ့ ခမရ ၅၀၁ နဲ့ ၅၀၂ တို့ကို ဆက်လက်တိုက်ခိုက်ခဲ့ရာ တစ်လကျော်ကာလ ယမန်နေ့ ဩဂုတ် ၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ရှမ်းမြောက်မှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကျောက်မဲမြို့ဟာ လားရှိုး၊ မိုးမိတ်မြို့တို့ပြီးနောက် EAO နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ သုံးမြို့မြောက် သိမ်းပိုက်ရရှိခြင်းဖြစ်ပါတယ်။

 

ဒါ့အပြင် မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကိုလည်း တအာင်းတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၀ ရက်နေ့က သိမ်းပိုက်ထားနိုင်သလို မန်း PDF ကလည်း ဇူလိုင် ၁၇ ရက်နေ့က စဉ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

ဓာတ်ပုံ – ရွှေဖီမြေ(SPM)