အင်းစိန် အရှေ့ကြို့ကုန်း အုပ်ကြီးက စစ်မှုထမ်းစာရင်းမပါလိုသူ တစ်‌ဦး ကျပ် ၃ သိန်းတောင်း

Author ကိုထက်
Categories
Published on Jul 31, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်အုပ်ချူပ်ရေးမှူးက စစ်မှုထမ်းစာရင်းထဲ မပါလိုရင် တစ်ဦး ကျပ်သုံးသိန်းပေးရမယ်ဆိုပြီး ငွေတောင်းနေတယ်လို့ အဲဒီရပ်ကွက်နေသူများက CJ Platform သို့ ပြောပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ စာရင်းစကောက်တည်းက အခုလိုငွေကြေးတောင်းခံတာကို နောက်ဆုံးခေါ်သွားတဲ့ အပတ်စဉ် ၃ အထိ ပြုလုပ်နေတာဖြစ်တယ်လို့ အရှေ့ကြို့ကုန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“ဝပ်ရှော့ ၂ မှာ နေတဲ့ အုပ်ချုပ်ရေးမှူး စောထူးပို(ခေါ်) စောဝင်းလွင်က စစ်မှုထမ်း အပတ်စဉ် ၁ ပထမအကြိမ်မှာလည်း စစ်မှုထမ်းကိစ္စနဲ့ စာရင်းမပါချင်တဲ့သူ တစ်ယောက်ကို သုံးသိန်းတောင်းတယ်။ အဲဒီလိုလုပ်တာ အပတ်စဉ် ၃ အထိ၊ ပေးနိုင်တဲ့သူကတော့ ပေးတာပေါ့။ မပေးနိုင်လို့ သင်တန်းရောက်၊ အခုဆိုရှေ့တန်းပါအပို့ခံရသူတွေလည်း ကိုယ်တွေရပ်ကွက်ထဲကလည်းပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

၎င်းကို လာဘ်ငွေ သုံးသိန်းပေးပါက စစ်ထဲဝင်ချင်သူနဲ့ အစားထိုးပေးမယ်လို့ ‌ပြောဆိုပြီး ငွေတောင်းနေတာဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

 

ရန်ကုန်မှာ စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေ အကြောင်းပြငွေတောင်းမှုတွေကို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြုလုပ်‌နေတာဖြစ်ပါတယ်။

 

မြို့နယ်တချို့မှာ စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ဖို့လို့ဆိုကာ အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံနေပြီး မြို့တွင်းမြို့နယ်တွေမှာဆို တစ်အိမ်ကို ကျပ် ၅၀၀၀ ကောက်ခံသလို တွံတေး၊ ခရမ်း၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေမှာတော့ တစ်အိမ်ကို ကျပ် သုံးသောင်းအထိ ကောက်ခံနေတယ်လို့ သိရပါတယ်။

 

ရန်ကုန်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့မြို့တွေမှာ အသက် ၂၄ နဲ့ ၃၀ နှစ်ကြား လူငယ်လူရွယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ် အဓိကထား စုဆောင်းနေပြီး အဲဒီ အသက်အပိုင်းအခြားလူငယ်တွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်တွေပါ ကန့်သတ်ထားပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသားတိုင်း၊ အသက် ၁၈ ကနေ ၂၇ နှစ်ထိ အမျိုးသမီးတိုင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသားတွေဆိုရင် ၄၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် ၃၅ နှစ်အထိ စစ်မှုထမ်းဖို့အကျုံးဝင်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ တာဝန်ပျက်ကွက်တယ်ဆိုရင်တော့ ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်မယ်လို့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေထဲ ပြဋ္ဌာန်းထားပါတယ်။

 

 

ဓာတ်ပုံ- လူမှုကွန်ရက်