ပဲခူး ရေမြုပ်ရပ်ကွက်တွေမှာ လူတစ်ရပ်မြုပ်တဲ့အထိ ရေထပ်တိုးလာ


နှစ်စဉ်ရေကြီးနေတဲ့ ပဲခူးမြို့မှာ ရေမြုပ်နေတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ လူတစ်ရပ်မြုပ်တဲ့အထိ ရေထပ်တိုးလာနေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ပဲခူးမြစ်ရေ တဖြည်းဖြည်းတိုးလာတာကြောင့် ဇူလိုင် ၂၇ ရက်က စပြီး ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေဝင်ရောက်လာခဲ့ပြီးနောက် ဒီကနေ့(ဇူလိုင် ၃၀ ရက်)မှာတော့ မလျော့တဲ့အပြင် ရေထပ်တိုးနစ်မြုပ်လာတာဖြစ်တယ်လို့ ၎င်းတို့က ဆိုပါတယ်။

 

အမြင့်ပိုင်းရပ်ကွက်လို့ဆိုရမယ့် မှော်ကန်၊ ပုဏ္ဏားစု စတဲ့ရပ်ကွက်တွေဘက်ကို ရေတွေမဝင်ရောက်နိုင်အောင် သဲအိတ်တွေတားပြီး တာဘောင်ပုံစံပြုလုပ်မှုတွေကြောင့်လည်း အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပိုမြင့်တက်လာရတယ်လို့ ပုဏ္ဏားစုရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အဲဒီလိုတွေ ကာထားတော့ သူတို့ဘက် ပိုနစ်ပြီး ပိုမြုပ်ကုန်တာပေါ့။ ကိုယ့်လည်း မလုပ်ပေးနိုင်တော့လေ။ ဇိုင်းတောင်၊ ကျောက်ကြီးစုတို့လို အတွင်းပိုင်းက လှေသမားကျွမ်းမှ။ မကျွမ်းရင်မလွယ်ပါဘူး။ ကမ်းပြိုမှာလည်း ကြောက်ရပါတယ်။ တစ်ရပ်မြုပ်တယ် ကြားတယ်” လို့ သူမက ပြောပါတယ်။

 

အဲဒီလို ရေတားသဲအိတ်ဘောင်တွေကြောင့် ရင်ဝင်းဟောင်း၊ ကျွန်းသာယာ၊ ဆည်မြောင်း၊ ရွှေသာလျောင်း၊ မဟာမြိုင်ဘက်တွေမှာ ယခင်နှစ်ကထက် စံချိန်တင် ပိုမိုနစ်မြုပ်လာနေတယ်လို့ နောက်ထပ် ပဲခူးမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“သူတို့က ရေမတိုးအောင်ကာကြတာမလို့ တက်တဲ့နေရာ အရမ်းတက်ပြီး သဲအိတ်ကာတဲ့နေရာ ရေလွတ်သလို ဖြစ်နေတာပါ။ တကယ် ကာကွယ်တာမျိုး ထိရောက်တာ မထိရောက်တာ သေချာ မသိပါဘူး။ အရမ်းတက်နေတာ။ ကာထားရင် မဝင်ဘူး။ တွေးကြတယ် ထင်တယ်။ ကျိုးရင် တစ်မြို့လုံး ပိုဆိုးကုန်မှာပါ။ ရင်ဝင်းဟောင်း အိမ်မြုပ်နေပါပြီ” လို့ သူမက ပြောပါတယ်။

 

ရေနစ်မြုပ်နေတဲ့ ရပ်ကွက်အတွင်းပိုင်းတွေထဲ အလှူရှင်တွေ မဝင်ရောက်နိုင်တာကြောင့် ပိတ်မိနေသူတွေရှိသလို စားသောက်စရာနဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေကာ ရေဘေးကြုံနေရသူ ၂၀,၀၀၀ ကျော်အထိတိုးလာနေတယ်လို့ သိရပါတယ်။

 

ပဲခူးမြစ်ရဲ့ စိုးရိမ်ရေအမှတ်ထက် ၁၀၀၃ စင်တီမီတာရှိနေကာ နောက်တစ်ရက်အတွင်း ၂ လက်မခန့်ကျဆင်းနိုင်ပေမဲ့ စိုးရိမ်ရေအမှတ်မှာ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ကျောက်ကြီးစုနားက ရေတားသဲအိတ်တာဘောင်