လားရှိုး ကျသွားချိန် ဘင်းစတက် အတွင်းရေးမှူးချုပ်နဲ့အဖွဲ့ကို စစ်ခေါင်းဆောင် လက်ခံတွေ့ဆုံ ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပမယ့်အကြောင်း သွားပြောနေပြန်

Author ကိုထားဝယ်
Categories
Published on Jul 26, 2024

ဘင်းမ်စတက်အဖွဲ့ ဝင်များနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့ မွန်းလွဲပိုင်းတုန်းက နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

 

အဲဒီအချိန် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးတစ်မြို့လုံးကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

 

ဘင်းစတက်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ဖို့ မြန်မာနိုင်ငံကို ဇူလိုင် ၂၂ ရက်နေ့ကတည်းက ရောက်ရှိနေခဲ့ကြတာပါ။

 

အဲဒီမှာ စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဝန်ကြီးချုပ် ဦးသန်းဆွေတို့နဲ့ စစ်ကောင်စီအရာရှိတွေက ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေနဲ့ ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့မှာ လက်ခံတွေ့ဆုံခဲ့ကြတာပါ။

 

အဲဒီမှာ ယာယီသမ္မတ စစ်ခေါင်းဆောင်နဲ့အဖွဲ့က ၎င်းတို့ကျင်းပဖို့ အပူတပြင်းစီစဉ်နေတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ဆောင်ချက်တွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ယမန်နေ့ မနက် ၄ နာရီခန့်က ရမခရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

 

သို့သော် မြို့တွင်းတိုက်ပွဲတွေက ယမန်နေ့နဲ့ ဒီကနေ့မနက်ပိုင်းအထိ ရပ်တန့်သွားတာမျိုးမရှိသေးဘဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ပစ်ခတ်သံတွေ ညံစီနေသလို လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးမှုတွေ ရှိနေပေမဲ့ လူထိခိုက်မှုတစ်စုံတစ်ရာတော့မရှိသေးဘူးလို့ မြို့ခံများထံမှ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

 

Related News

Depend on news