လာအို အာဆီယံအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးက အကြီးတန်းအရာရှိ တက်ရောက်မယ် အမေရိကန်ပါဝင်မယ့် အစည်းအဝေးတက်ခွင့် မရေရာ

Author အဂ္ဂ
Categories
Published on Jul 24, 2024

လာအိုနိုင်ငံမှာ အခုအပတ်အတွင်းကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့ အာဏာသိမ်းစစ်ကောင်စီဟာ အကြီးတန်းအရာရှိတစ်ဦးကို စေလွှတ်မှာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ကျိုဒို(Kyodo) သတင်းဌာနကို အင်္ဂါနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။

 

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံမှာ လာမယ့် ကြာသပတေးနေ့ ဇူလိုင် ၂၅ ရက်နေ့ကစပြီး သုံးရက်ကြာ ကျင်းပမယ့်အစည်းအဝေးကို စစ်ကောင်စီဘက်က တက်ရောက်တာဟာ တတိယအကြိမ်ဖြစ်ပါတယ်။

 

အဒီအစည်းအဝေး မတိုင်ခင် ဇန်နဝါရီလထဲမှာပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ မတ်လထဲမှာကျင်းပခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုလည်း စစ်ကောင်စီဘက်က တက်ရောက်ခဲ့ပါသေးတယ်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလထဲမှာ အခြားသော အာဆီယံအဖွဲ့ဝင်တွေက အစည်းအဝေးကို မြန်မာနိုင်ငံဘက်က တက်ရောက်မယ်ဆိုရင် နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ အခြားသူတစ်ဦးကိုပဲ တက်ရောက်ခွင့်ပြုမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တုန်းက စစ်ကောင်စီဟာ အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သပိတ်မှောက်ခဲ့ပါသေးတယ်။

 

ဒါပေမဲ့ စစ်ကောင်စီဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အပါအဝင် အာဆီယံ မိတ်ဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ဆွေးနွေးမယ့် စနေ့နေ့ အာဆီယံဒေသတွင်း ဖိုရမ်မှာ ပါဝင်ခွင့်ရမရကတော့ မသေချာသေးပါဘူး။

 

အခုတစ်ခေါက်ပြုလုပ်မယ့်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေကို အဓိကထား ဆွေးနွေးသွားဖို့ရှိပြီး ၂၀၂၁ ဧပြီလမှာ စစ်ကောင်စီနဲ့ အာဆီယံကြား သဘောတူညီထားခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း အကောင်အထည်ဖော်ဖို့ ထပ်မံပြီး တိုက်တွန်းသွားဖွယ်လည်း ရှိနေပါတယ်။

 

စစ်ကောင်စီနဲ့ အတိုက်အခံတွေကြား အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ရည်ရွယ်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီဘက်က လက်တွေ့အကောင်အထည်ဖော်မှု အားနည်းခဲ့ပါတယ်။

 

ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ အာဆီယံဟာ မိတ်ဖက်နိုင်ငံတွေရဲ့ ပိုမိုပူးပေါင်းပါဝင်မှုတွေရယူဖို့ ဆွေးနွေးလုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအတွင်း လူပေါင်း သုံးသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၈ ဒသမ ၆ သန်းဝန်းကျင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေးအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတချို့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲကိစ္စလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ဒါ့အပြင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတချို့ ပိုင်ဆိုင်မှု အငြင်းပွားနေရတဲ့ကိစ္စတွေကိုလည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံဒေသတွင်းက အစုအဖွဲ့တွေဟာ ဒေသတွင်းမှာ ထိပ်တိုက်တွေ့မှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ဥပဒေမူကြမ်းတွေကိုလည်း အတူတကွ ပူပေါင်းရေးဆွဲလျက်ရှိတယ်လို့လည်း သိရပါတယ်။

 

 

ဓာတ်ပုံ- AFP/AP

 

ပုံစာ – ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ်တက်ရောက်ခဲ့စဉ်

 

ကိုးကား – Bangkok Post