နိုင်ငံခြားသား ခရီးသွားခြောက်ဦး အရက်အဆိပ်သင့် သေဆုံးမှု လာအိုက တည်းခိုခန်း ဝန်ထမ်း ရှစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

Author CJ Platform
Categories
Published on Nov 27, 2024

လာအိုနိုင်ငံမှာ ပြီးခဲ့တဲ့ရက်အတွင်းက နိုင်ငံခြားသား ခရီးသွားခြောက်ဦးဟာ အဆိပ်သင့် အရက်တွေကြောင့် သေဆုံးခဲ့တယ်လို့ သံသယရှိတဲ့အတွက် သူတို့တွေ တည်းခိုနေထိုင်ခဲ့တဲ့ ဗန်ဗီယန်မြို့ နာနာတည်းခိုခန်းက ဝန်ထမ်းရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

သေဆုံးသူတွေဟာ ဩစတေးလျသူ ဆယ်ကျော်သက် နှစ်ဦး၊ ဗြိတိန်သူတစ်ဦး၊ အမေရိကန်သားတစ်ဦးနဲ့ ဒိန်းမတ်သူနှစ်ဦးတို့ ဖြစ်ကြပြီး သူတို့တွေရဲ့ သေဆုံးမှုဖြစ်စဉ်အပြီးမှာ အနောက်နိုင်ငံတွေဟာ သူတို့နိုင်ငံသားတွေကို လာအိုနိုင်ငံက မသန့်ရှင်းတဲ့ အရက်နဲ့ နောက်ဆက်တွဲကိစ္စတွေ သတိထားကြဖို့ အသီးသီး ထုတ်ပြန်သတိပေးခဲ့ကြပါတယ်။

 

ဖမ်းဆီးခံလိုက်ရတဲ့ တည်းခိုခန်းဝန်ထမ်းတွေဟာ ဗီယက်နမ်နိုင်ငံသားတွေဖြစ်ကာ အသက် ၂၃ နှစ်ကနေ ၄၄ နှစ်အထိ ပါဝင်ကြပြီး သူတို့တွေကို ဒေသခံရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက်နေ့၊ တနင်္လာနေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့လည်း နိုင်ငံပိုင်သတင်းစာ Laotian Times က ဖော်ပြပါတယ်။

 

စုံစမ်းစစ်ဆေးမှုတွေအရ သေဆုံးခဲ့တဲ့ နိုင်ငံခြားသားတွေဟာ တည်းခိုခန်းက အခမဲ့တိုက်တဲ့ အရက်တွေ သောက်ပြီးတဲ့နောက်မှာ အခုလိုမျိုး သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူ‌ ခြောက်ဦးထဲက ငါးဦးဟာ  နာနာတည်းခိုခန်းမှာ တည်းခိုခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

တည်ခိုးခန်းပိုင်ရှင်နဲ့ မန်နေဂျာဖြစ်သူတို့ဟာလည်း ဗီယက်နမ်နိုင်ငံသားတွေ ဖြစ်ပြီး သူတို့တွေကို‌တော့ အစောပိုင်းကတည်းက စုံစမ်းစစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့လည်း AP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

မန်နေဂျာဖြစ်သူက ဩစတေးလျသူနှစ်ဦးဟာ တစ်ညတာတည်းခိုပြီး ပြန်ထွက်မသွားခင် အခြား ဧည့်သည် ၁၀၀ ဝန်းကျင်နဲ့ အတူ တည်းခိုခန်းက တိုက်တဲ့ အခမဲ့ အရက်ကို ဝင်သောက်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမဲ့ တခြားဧည့်သည်တွေကတော့ ဘာတိုင်ကြားချက်မှ မရှိထားဘူးလို့ AP သတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါတယ်။

 

သေဆုံးခဲ့တဲ့ နိုင်ငံခြားသား ခရီးသွားတွေရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးကတော့ သူတို့နိုင်ငံသားတွေ သေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ပေမဲ့ အစုလိုက်အပြုံလိုက် အရက်ကနေ အဆိပ်သင့်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ အတည်ပြုထားတာ မရှိပါဘူး။

 

လာအိုနိုင်ငံဟာ မီဒီယာတွေကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသလို သတင်းတွေကိုလည်း လျှို့ဝှက်တတ်တာကြောင့် သေဆုံးမှုတွေဖြစ်ပေါ်ပြီး တစ်ပတ်နီးပါးအကြာအထိ အခုကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိခဲ့တာကြောင့် အဆိပ်သင့်အရက် သောက်သုံးမှုကြောင့် ထိခိုက်မှုတွေ ဘယ်လောက်ထိ ပျံ့နှံ့နေလဲဆိုတာ မသိရပါဘူး။

 

CNN သတင်းဌာနရဲ့ မိတ်ဖက်သတင်းဌာနဖြစ်တဲ့ Nine News ကတော့ အရက်သောက်မိပြီး နေမကောင်းဖြစ်ခဲ့တဲ့ ဩစတေးလျနိုင်ငံသားတစ်ဦးဟာ ပြန်လည်နာလန်ထလာပြီး ကျန်းမာရေးကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပြီလို့ ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ရေးသားခဲ့တယ်လို့ CNN က ဆိုပါတယ်။

 

လာအိုနိုင်ငံပိုင်သတင်းဌာနက ပြီးခဲ့တဲ့သောကြာနေ့မှာ သေဆုံးမှုဖြစ်စဉ်တွေဟာ အဆိပ်သင့်နေတဲ့ မသန့်ရှင်းတဲ့ အရက်သေစာသောက်သုံးမှုကြောင့် ဖြစ်နိုင်ကြောင်း သံသယရှိဖွယ်တွေ့ရှိခဲ့ရတယ်လို့ ဆိုထားပေမဲ့ အာဏာပိုင်တွေဟာ ဒီအရက်တွေကို ဘယ်ကနေရပြီး ဘယ်လို ဖြန့်ဖြူးရောင်းချနေသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

 

သံသယရှိသူတွေကို ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်ပြီး သေဆုံးခဲ့တဲ့ ဩစတေးလျသူရဲ့ မိဘတွေကတော့ ထောက်ခံကြိုဆိုခဲ့သလို လာအိုအစိုးရကိုလည်း အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

 

ဓာတ်ပုံ- Anupam Nath/AP

 

ပုံစာ – နာနာတည်းခိုခန်းကို နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့မြင်ရစဉ်

 

Related News

Depend on news