မျိုးတုန်းတော့မယ့် မျက်ခုံးဖြူငှက်ပြာခြောက်တွေအကြောင်း လေ့လာရန် အခက်ခဲဖြစ်နေ

Published on Nov 27, 2024

မြန်မာနိုင်ငံမှာသာ ကျက်စားတဲ့ ဇာတိရင်း မျက်ခုံးဖြူငှက်ပြာခြောက်တွေဟာ မျိုးတုန်းပျောက်ကွယ်မှုအရေးနဲ့ ရင်ဆိုင်နေရပြီး အာဏာသိမ်းကာလအတွင်း မြေပြင်ပဋိပက္ခအခြေအနေတွေကြောင့် သူတို့ကို သုသေသနပြုလေ့လာဖို့  အခက်အခဲဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

မျက်ခုံးဖြူငှက်ပြာခြောက်တွေဟာ ချင်းပြည်ရှိ ခေါနူးစုမ် (ခေါ်) နတ်မတောင်မှာ အများဆုံးကျက်စားတဲ့ မျိုးစိတ်ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကြာကတည်းက မျိုးတုန်းမှု အမြင့်ဆုံးဖြစ်နေတာပါ။

 

“အခြေအနေက အခုချိန်သိရဖို့ မလွယ်ဘူး။ ငှက်ပြာခြောက်တွေနေနေတဲ့ နေရာကိုသွားဖို့က အဆင်မပြေတာ ကြာပြီ” လို့ ငှက်မျိုးစိတ် ထိန်းသိမ်း၊ လေ့လာနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကမ္ဘာ့ ငှက်ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ မြန်မာနိုင်ငံမှာ ဇာတိရင်းငှက်မျိုးစိတ် ကိုးမျိုးအထိရှိပြီး အဲဒီ ကိုးမျိုးမှာ စွေ့၊ ငှက်မင်းသားဗိုက်ဖြူ၊ နဖားကြူး၊ မြန်မာဘီလုံး၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ မြန်မာတစ်၊ ချိုးလင်းပြာ၊ ဘွတ်ချွဲ၊ ငှက်လက်မမြီးရှည်ညို တို့ပါဝင်ကာ တချို့ငှက်မျိုးစိတ်တွေကတော့ မျိုးတုန်းပျောက်ကွယ်မယ့် အရေးနဲ့ ရင်ဆိုင်နေရတာပါ။

 

မျက်ခုံးဖြူငှက်ပြာခြောက်ဟာ အရွယ်အစား ၄.၅ လက်ခန့်ရှိပြီး ချင်းပြည်တောင်ပိုင်းရှိ ခေါ်နူးစုမ် (ခေါ်) နတ်မတောင် အမျိုးသား ဥယာဉ်မှာသာ တွေ့ရှိနိုင်ပါတယ်။ ဝက်သစ်ချတောတွေ၊ ဝက်သစ်ခြနဲ့ တောင်ဇလပ်ရော ပေါက်နေတဲ့ တောတွေထဲမှာသာ နေထိုင်ပြီး သူတို့ဟာ ပင်လယ်ရေမျက်နှာပြင် ၆,၅၀၀ ကျော်မှာ ကျက်စားကြပါတယ်။

 

ချင်းပြည်ဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုဒဏ် အများဆုံးဖြစ်ပေါ်နေတဲ့ဒေသ ဖြစ်ပြီး မီးရှို့စိုက်ပျိုးရတဲ့ မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာစနစ်လည်း ထွန်းကားတဲ့ ဒေသဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဝေမျှလှုံ့ဆော်နေရတာပါ။

 

လက်ရှိမှာတော့ အာဏာသိမ်းကာလ လေးနှစ်နီးပါးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ မျိုးတုန်းမှုရင်ဆိုင်နေရတဲ့ သားရဲတိရစ္ဆာန်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် တက်ကြွလှုပ်ရှားသူတွေ၊ သုသေသနပြုသူတွေဟာ ပဋိပက္ခ အခြေအနေတွေကြောင့် မြေပြင်ကိုသွားရောက်ဖို့ လက်လှမ်းမမီ ဖြစ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – TZN Myanmar Birds and Wildlife

ပုံစာ – မျက်ခုံးဖြူငှက်ပြာခြောက်တစ်ကောင်ကို တွေ့ရစဉ်

 

Related News

Depend on news