ကလေးက ရွာတွေကို စစ်ကောင်စီလက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်၊ အရပ်သား တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jul 24, 2024

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်(မြောက်ပိုင်း)ရှိ ရွာများကို စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဆည်ကြီးကျေးရွာမှထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေစဥ် စစ်ကောင်စီ စခန်းကြီးကနေ ဆည်ကြီး၊ ပျဥ်းခုံကြီး၊ ပြည်တော်သာ စတဲ့ကျေးရွာတွေကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီကြာအထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလိုပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေထဲက နှစ်လုံးဟာ ပျဥ်းခုံကြီးကျေးရွာအတွင်း နှစ်နေရာကျရောက်ပေါက်ကွဲပြီးနောက် အသက် ၁၅ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ပျဥ်းခုံကြီးကျေးရွာထဲ ပထမအကြိမ် လက်နက်ကြီးကျည် တစ်လုံးက အိမ်ခေါင်မိုးပေါ်မှာ ကျပေါက်ကွဲလို့ လူတစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒုတိယ လက်နက်ကြီးကျည် ထပ်ကျတယ်။ အမျိုးသမီး ဒဏ်ရာရတယ်။ တိုက်ပွဲက မရှိသေးဘူး။ နှစ်ဖက်စစ်ရေးတင်းမာနေစဥ် စစ်ကောင်စီက ကျေးရွာအနီးတဝိုက် လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီ စစ်ကြောင်းနဲ့ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်တာကြောင့် ပျဥ်းခုံကြီး၊ ဆည်ကြီး၊ ပြည်တော်သာ စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

အဲဒီ ကျေးရွာတွေဟာ ကလေးမြို့နဲ့ ၁၂ မိုင်အကွာမှာ တည်ရှိပြီး ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေဖြစ်ပါတယ်။

 

ဇူလိုင် ၉ ရက်နဲ့ ၁၁ ရက်နေ့တို့မှာလည်း လက်ပံချောင်းကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးငယ် ခြောက်ဦးအပါအဝင် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – အရင် ကလေးမြို့ကို တွေ့ရစဥ်