ရန်ကုန်တိုင်းတရားလွှတ်တော် ခြံစည်းရိုးတွင် စာချိတ်ဆွဲသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

Author အောင်နိူင်သူ
Categories
Published on Oct 07, 2022

ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးရှေ ခြံစည်းရိုးတွင် စာတမ်းချိတ်ဆွဲသူ လူငယ်တစ်ဦးကို ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးရှေ ခြံစည်းရိုးတွင် ယနေ့ ညနေ သုံးနာရီခွဲက လူငယ်နှစ်ဦးမှ ဗီနိုင်းလာရောက်ချိတ်ဆွဲရာ စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီး၍ တစ်ဦးဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကောင်လေးနှစ်ယောက်လာချိတ်တာ ရဲစခန်းကို ဘယ်သူက ဖုန်းဆက်လိုက်လဲမသိဘူး ရဲရော စစ်တပ်ရော ရောက်လာပြီး လိုက်ဖမ်းတာ တစ်ယောက်မိသွားတယ်”ဟု ပြောသည်။

ဖမ်းဆီးခံရသူမှာ သာကေတမြို့နယ်တွင် နေထိုင်သူလူငယ်တစ်ဦးဖြစ်ပြီး အသက် ၁၈ သာရှိသေးသည့် ကိုလင်းခန့်ဖြိုး ဆိုသူ ဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“စစ်တပ်က ဖမ်းပြီး ဘယ်ကိုခေါ်သွားလဲတော့မသိဘူး ဆူးလေဘက်ကို မောင်းသွားတာ နောက်တစ်ယောက်ကိုလဲရှာနေတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်တွေက ဖမ်းဆီးရမိသူလူငယ်ကို စစ်ကားဖြင့်ခေါ်ဆောင်သွားပြီး ထွက်ပြေးလွတ်မြောက်သွားသည့် လူငယ်ကို စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေနေသည်ဟု မြို့ခံတွေဆီက သိရသည်။