မတူပီမှာ အရပ်သား နှစ်ဦးကို AA ဖမ်းဆီးလို့ဆို

Author ဆလိုင်း
Categories
Published on Jul 08, 2024

ချင်းပြည်၊ မတူပီမြို့နယ်၊ ကလားကျေးရွာက အရပ်သားနှစ်ကို အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များက ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီက ဒေသခံများက CJ Platform သို့ ပြောပါတယ်။

 

AA ဖမ်းဆီးထားသူများမှာ ကလားကျေးရွာနေ ဆလိုင်းမားဆောမ်နဲ့ ဆလိုင်းရိုမင်းထန်တို့ဖြစ်တယ်လို့ ၎င်းတို့က ဆိုပါတယ်။

 

“AA က အရပ်သားတွေကို ဘာအတွက် ဖမ်းတာလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ပြန်လည် လွတ်မလာကြသေးဘူး” လို့ အဲဒီကဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ကုလားကျေးရွာက CDM ကျောင်းဆရာ ဦးခေါင်ဘွေးဆိုသူ စစ်ဘေးရှောင်နေရာမှ အိမ်သို့ ခေတ္တပြန်လာကြည့်စဉ် မိုင်းနင်းမိလို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

“AA က သူတို့ တပ်စွဲတဲ့နေရာတွေမှာ မိုင်းတွေ ထောင်တယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

 

ဒါ့အပြင် AA တပ်ဟာ လာလွီးကျေးရွာမှာလည်း တပ်အင်အားအများအပြားနဲ့ တပ်စွဲထားပြီး ကျေးရွာထဲက အရပ်သားတွေကို ခေါ်ယူစစ်ဆေး ရိုက်နှက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

“AA က ရွာထဲဝင်လာပြီး အမျိုးသားတွေကို တစ်ယောက်ပြီး တစ်ယောက် ခေါ်ယူစစ်ဆေးတယ်။ သူတို့မေးတာ မသိရင် ဆဲတယ်။ ပါးရိုက်တယ်။ အရပ်သားတွေ ကြောက်လန့်အောင် အမျိုးမျိုး ခြိမ်းခြောက်တယ်။ အခုရွာထဲမှာလည်း AA ချည်းပဲ။ ကျွန်တော်တို့က အခုဆို AA ဘက်ကိုလည်း ကြောက်နေရပြီ” လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

 

ဇူလိုင်လ ၅ ရက်နေ့ကလည်း မတူပီမြို့နယ်က Valangte ကျေးရွာမှာ AA နဲ့ ချင်းလဲန်းကောင်စီ(CC)ရဲ့ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

AA တပ်ဖွဲ့အနေနဲ့ မတူပီမြို့နယ်မှာ အင်အားအများအပြားနဲ့ တပ်စွဲတာ၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ အရပ်သားတွေပိုင် အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသုံးတာတွေ လုပ်ဆောင်နေတာကြောင့် အဲဒီလုပ်ရပ်တွေကို လုံးဝကန့်ကွက်တယ်လို့ Global Matupi CDF Supporting Committee က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

ချင်းညီနောင်အဖွဲ့ရဲ့မဟာမိတ် အာရက္ခတပ်တော် AA ဟာ မတူပီမြို့သိမ်းတိုက်ပွဲကို ပူးပေါင်းဆင်နွှဲထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားတွေကို တွေ့ရစဉ်