တီးတိန်မှာ ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦး စစ်သားများရဲ့ အဓမ္မပြုကျင့်ခံရ၊ စစ်တပ်အရာရှိတွေက ပိုက်ဆံပေး လာကျေအေး

Author ဆလိုင်း
Categories
Published on Jul 06, 2024

ချင်းပြည်၊ တီးတိန်မြို့နယ် မွာလ်ပီးကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးက အဓမ္မပြုကျင့်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဇူလိုင်လ ၄ ရက်နေ့က ကလေးမြို့မှ ချင်းတောင်သို့ တက်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယမန်နေ့ ဇူလိုင် ၅ ရက် ညနေပိုင်းခန့်က မွာလ်ပီးကျေးရွာသို့ ရောက်ရှိလာပြီး ရွာထဲမှာ ညအိပ်ခဲ့ပါတယ်။

 

အဲဒီစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးဟာ ရွာထဲက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“စစ်သားတွေက အဲဒီ ကလေးမတွေရဲ့ အိမ်အနီးနားမှာ နေရာယူတပ်စွဲထားတာ။ ဒီနေ့မနက်ပိုင်းမှာ စစ်သားနှစ်ယောက်က အိမ်ထဲဝင်ပြီး မုဒိမ်းကျင့်သွားတာပါ။ ကလေးမက ငိုယိုပြီး အကူအညီတောင်းခဲ့ပေမဲ့ အနီးနားက စစ်သားတွေက ဒီအတိုင်းကြည့်နေတယ်။ ကလေးမက အသက် ၁၄၊ ၁၅ နှစ် လောက်ပဲရှိဦးမယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီဖွဲ့ဝင်တွေဟာ အဲဒီ မိန်းကလေးငယ်အပြင် တခြားမိန်းကလေးနှစ်ဦးကိုလည်း အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမဲ့ ကိုယ်လွတ်ရုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

မွာလ်ပီးကျေးရွာကို ညအိပ်တည်းခိုသွားတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းမှာပဲ ကလေးမြို့ကို တပ်ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ဆက်ပြောပါတယ်။

 

“ဖြစ်စဉ်တွေကို စစ်တပ် အရာရှိတွေဘက်က ကာယကံရှင်တွေနဲ့ ရွာသားတွေကို တွေ့ဆုံပြီး အမှုကျေအေးပေးဖို့ ငွေကြေးနဲ့ တောင်းပန်လာပါတယ်။ အဲဒီနောက်မှာ စစ်တပ်တွေက ခရီးဆက်မတိုးတော့ဘဲ နိမိတ်မကောင်းဘူးဆိုပြီး တပ်ပြန်ဆုတ်သွားတယ်။ ပြစ်မှုကျူးလွန်တဲ့ စစ်သားနှစ်ယောက်ကိုလည်း စောင်နဲ့ပက်ပြီး ဖမ်းဆီးချုပ်နှောင်ထားပြီး ကားပေါ်တင်ခေါ်သွားကြတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီဘက်က ပိုက်ဆံမည်မျှ ပေးခဲ့တယ်ဆိုတာကိုမူ CJ Platform ရဲ့ သတင်းရင်းမြစ်က အတိအကျမသိရသေးဘဲ ကျူးလွန်သူတွေကို အရေးယူပေးမယ်လို့ပြောဆိုသွားကြောင်း ၎င်းက ဆိုပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း တီးတိန်မြို့နယ် အာလွယ်ရွာက ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်တွေက အဓမ္မပြုကျင့်ခဲ့ပါတယ်။

 

ဓာတ်ပုံ – CJ