သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သို့ သွား

Author အကြင်နာ
Categories
Published on Jun 27, 2024

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ပြန်စချိန်မှာပဲ စစ်အစိုးရခန့် သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ဒီနေ့ ဇွန်လ ၂၇ ရက်မှာ ခရီးထွက်ခွာသွားပါတယ်။

 

ဒါဟာ ၎င်း သမ္မတရာထူးက အနားယူပြီး ကိုးနှစ်အတွင်း ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်ပါတယ်။

 

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်ဖို့သွားတာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

 

ဦးသိန်းစိန်နဲ့အတူ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုရဲ့ သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း လိုက်ပါသွားတယ်လို့ တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုလ်ချုပ်ကြီးဟောင်းရဲ့ တရုတ်ခရီးစဉ်မသွားမီ မနေ့ ဇွန်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင် တရုတ် သံအမတ်ကြီး Mr. Chen Hai ဟာ နေပြည်တော်မှာ သွားတွေ့ခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်ထဲ ထည့်ဖော်ပြထားပါတယ်။

 

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် ဦးနုတာဝန်ယူခဲ့တဲ့ ၁၉၄၈ ခုနှစ်မှ ၁၉၅၆ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

 

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပြီးနောက် ပထမဆုံး မြန်မာနိုင်ငံ သမ္မတအဖြစ် ၂၀၁၁ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရအဖြစ် ၂၀၁၁ ဧပြီ ၁ ရက်ကနေ ၂၀၁၆ ခုနှစ် မတ်လ ၃၁ အထိ တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်(NLD)ပါတီကို အာဏာလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

 

ဓာတ်ပုံ – Chinese Embassy in Myanmar