တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတတိယနေ့မှာ မိုးကုတ်ရဲစခန်းအပြင် စစ်စခန်းတစ်ခုတို့ TNLA/PDF သိမ်း နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးအများအပြားတွေ့

Author လဂွန်းအိမ်
Categories
Published on Jun 28, 2024

ရှမ်းပြည်(မြောက်ပိုင်း)မှာ ဖြစ်ပွားနေတဲ့ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တတိယနေ့(ဇွန် ၂၇ ရက်)တိုက်ပွဲတွေအတွင်း တအောင်းတပ် TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရဲစခန်းနဲ့ နောင်ချိုမြို့၊ အုမ္မခါးစစ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့ညပိုင်းမှာ TNLA က ထုတ်ပြန်ပါတယ်။

 

TNLA အနေနဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီစခန်း သုံးခုကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့တွင် MYD-PDF နဲ့အတူ စစ်ကောင်စီစခန်း ခြောက်ခုကိုတိုက်ခိုက်ခဲ့သလို နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း သုံးခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အပြင် မိုးမိတ်မြို့ လယ်ကြီးကျေးရွာတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ TNLA တို့ကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

 

“တိုက်ပွဲတွေက ပြင်းထန်ပါတယ်။ ဇွန် ၂၇ အတွက် သိမ်းဆည်းရမိတာတော့ စခန်း နှစ်ခုပေါ့။ ဇွန် ၂၆ က သိမ်းခဲ့တဲ့ နောင်ချိုရဲစခန်းကနေ မူးယစ်ဆေးဝါးတွေကို အမြောက်အများသိမ်းဆည်းရမိတာပါ။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာရှိပါတယ်” လို့ PSLF/TNLA သတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က သိမ်းထားတဲ့ နောင်ချိုမြို့တွင်းက ဌာနဆိုင်ရာရုံးများနဲ့ ရဲစခန်းတို့ကို TNLA က ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှ ရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါးအမြောက်အမြား ရှာဖွေသိမ်းဆည်းရမိခဲ့တာလို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တတိယနေ့မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ မြို့နယ်တိုင်းမှာလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီထဲ နောင်ချိုမြို့နယ်ထဲက ၆၀၆ တပ်ရင်းနဲ့ အနီးဝန်းကျင်ကို လေကြောင်းကနေ အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့တဲ့အပြင် နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ ကျောက်မဲမြို့တို့ကိုလည်း လက်နက်ကြီးတွေအပြင် လေကြောင်းမှ ဒရုန်းနဲ့ လေယာဉ်တွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ဇွန် ၂၇ တစ်ရက်တည်း ကျောက်မဲမြို့နယ်မှာ သုံးဦး၊ နောင်ချိုမြို့နယ်မှာ နှစ်ဦးနဲ့ မိုးကုတ်မြို့နယ်မှာ တစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ချိုမြို့နယ်မှ အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ခဲ့သလို သုံးဦးဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အမြောက်အမြားလည်း ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဇွန် ၂၆ ရက်နေ့က ကျောက်မဲမြို့နယ်မှာ တအောင်းတပ်ထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးနဲ့အတူ ၆၀ မမ နှစ်လက်၊ စက်လတ် ခြောက်လက်၊ RPG-7 နှစ်လက်၊ စနိုက်ဘာ တစ်လက်၊ ပစ္စတို ငါးလက်၊ မိုင်း ငါးလုံး၊ ၆၀ မမ ဗုံးသီးနဲ့ RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ (၅၉)မျိုးနဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA