တောင်ဥက္ကလာမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရ
တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် သံသုမာလမ်းတွင် ယနေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။
၁၄ ရပ်ကွက် သံသုမာလမ်းမပေါ်ရှိ တိုက်ရှေ့တွင် ရပ်နေသူအမျိုးသားတစ်ဦးကို လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“အပစ်ခံရတဲ့သူက ပွဲစားလို့ပြောတယ် ဘာကြောင့်ပစ်လဲတော့ မသိဘူး ခေါင်းကိုထိသွားတယ် သေတော့မသေဘူး”ဟု ရှင်းပြသည်။
ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ဒဏ်ရာရရှိသူကို လူနာတင်ယာဥ်ဖြင့် ဆေးရုံကို ပို့ဆောင်ပြီး သံသုမာလမ်းမပေါ်ရှိ ကားများနှင့်လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။
လက်ရှိအခြေအနေတွင် သေနတ်ဖြင့်ပစ်ခတ်ခံရသူ အမျိုးသားမှာ မည်သူဖြစ်သည်ကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ယနေ့ နေ့လယ်သုံးနာရီကလည်း ရွှေပြည်သာမြို့နယ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။
ရန်ကုန်တိုင်း လှိုင်၊စမ်းချောင်း၊လှိုင်သာယာနှင့် မြောက်ဥက္ကလာပမြို့နယ်တွေမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့သည်။
ပုံစာညွှန်း- ရန်ကုန်မြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ် ပုံအဟောင်း