ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာ EU အပါအဝင် ဥရောပနိုင်ငံများ ပူးပေါင်းပါဝင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကို ချက်ချင်းလွှတ်ပေးဖို့ ဥရောပနိုင်ငံတွေပြော
စစ်ကောင်စီရဲ့ မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ကျရောက်တဲ့ ၇၉ နှစ်ပြည့် မွေးနေ့ မြန်မာလူထုပြုလုပ်တဲ့ ပန်းသပိတ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးအပြင် မြန်မာနိုင်ငံရှိ ဥရောပနိုင်ငံသံရုံးတွေက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ပန်းသပိတ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနဲ့အတူ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဖြစ်တဲ့ ဗြိတိန်၊ အီတလီ၊ ဂျာမနီ၊ ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံတို့က ပန်းပုံတွေနဲ့အတူ ပါဝင်ကြောင်း သူတို့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာတွေကနေ အသီးသီး ထုတ်ပြန်လာကြတာဖြစ်ပါတယ်။
ပန်းသပိတ်နဲ့အတူ အီတလီနဲ့ ဗြိတိန် သံရုံးတို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့အတူ မတရားဖမ်းဆီးခံထားရသူတွေအားလုံး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ရန်ကုန်မြို့ရှိ အီတလီသံရုံးက ထပ်လောင်း တောင်းဆိုလိုက်ပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ UK သံရုံးကလည်း “ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် မိမိတို့အနေနဲ့ ရှုတ်ချပြီး သူမနဲ့တကွ မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များမှာ နိုင်ငံရေးအရ လှုံ့ဆော် စွပ်စွဲချက်များဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်” လို့ ထုတ်ပြောလာပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာပြုလုပ်တဲ့ ပန်းသပိတ်ကို စစ်ကောင်စီအန္တရာယ်ရှိတဲ့ ပြည်တွင်းက မြန်မာပြည်သူ/သားတွေအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံ သံရုံးများ