အသက်မပြည့်သေးသည့် သပိတ်လူငယ် မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်

Author ခေတ်နီ
Categories
Published on Oct 04, 2022

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် တော်လှန်သွေးမကုန် တောင်ဒဂုံအင်အားစု သပိတ်အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

တော်လှန်သွေးမကုန် တောင်ဒဂုံအင်အားစု၏ သပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မပိုးဇာအောင်(ခ) ပိုးဟေသာသည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ အိမ်တစ်လုံး၌ စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံခဲ့တာပဲဖြစ်သည်။

မပိုးဇာအောင်သည် ဖမ်းဆီးခံချိန်တွင် အသက် ၁၇ နှစ်သာရှိသေးပြီး ဖမ်းဆီးခံရပြီး ရွှေပြည်သာစစ်ကြောရေးသို့ ရောက်ရှိနေခဲ့သော်လည်း ရက်အနည်းငယ်အကြာအထိ မိသားစုများမှ မည်သည့်နေရာတွင် ရှိနေသည်ကို စုံစမ်း၍မရခဲ့ပဲ စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုများရှိသည်ဟုလည်း သူမ၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

“ဖမ်းခံရပြီး ၁ရက် ၂ရက်ထိ ဘယ်ရောက်နေတယ် မသိဘူး စစ်ကြောရေးတွေ လိုက်မေးတော့လဲမရှိဘူးပဲ ပြောတာ နောက်မှတိတိကျကျ ရွှေပြည်သာစစ်ကြောရေးဆိုတာ သိရတာ အဲ့ကနေပြီး အချုပ်ထဲရောက်တော့ ကလေးက စကားမပြောနိုင်ဘူး နံရိုးတွေကို ကန်ထားကြတော့နာနေတာ နောက်မှအမေ့ကို ဆေးဝယ်ပေးဖို့ပြောနိုင်တယ်”ဟု သူမ၏မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက CJ Platformကို ပြောသည်။

မပိုးဇာအောင်သည် ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် စစ်ကောင်စီမှ တရားစွဲဆိုခဲ့ကာ ယခု အောက်တိုဘာလ ၁ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ သန်လျင်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာပဲ ဖြစ်သည်။

” သန်လျင်တရားရုံးက တနေ့က အမိန့်ချတယ် အသက်၂၀ ပြည့်မှလွတ်စေတဲ့ အစ်မ တို့ကတော့ မဖြစ်သင့်ဘူးထင်တယ် ၁၈နှစ်ပြည့်လွတ်စေဆို တော်သေးတာပေါ့ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို အဲ့လောက်တောင်ပဲ ကြောက်ကြလားမသိဘူး”ဟု ၎င်း၏မိသားစုနှင့် နီးစပ်သူ တစ်ဦးက CJ Platform ကိုပြောသည်။

မပိုးဇာအောင်ကို မကြာခင် လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ရန် စစ်ကောင်စီမှ ပြင်ဆင်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။