မင်္ဂလာတောင်ညွှန့်မှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ကိစ္စကို အကြောင်းပြပြီး ခြိမ်းခြောက်ငွေညှစ်နေ

Author ကိုထက်
Categories
Published on Jun 08, 2024

ရန်ကုန်မြို့လယ်က မြို့နယ်တစ်ခုဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့က စစ်မှုထမ်းဖို့ကိစ္စကို အကြောင်းပြပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်နေတယ်လို့ မြို့နယ်နေသူတွေဆီက သိရပါတယ်။

 

စစ်မှုထမ်းစာရင်းအတွက် ဖောင်မဖြည့်ရင် ဧည့်စာရင်းလုပ်မပေးတာတွေ၊ ပိုက်ဆံတောင်းတာတွေ လုပ်နေတယ်လို့ သပြေကုန်းရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“သူတို့စာရင်းတွေလိုက်ကောက်တာ ဖောင်ဖြည့်ရတယ်။ မဖြည့်ဘဲငြင်းတဲ့အိမ်ဆို ဧည့်စာရင်းလည်း လုပ်မပေးဘူး။ လာစစ်ရင်တာဝန်မယူဘူးပေါ့။ နောက်ပြီး ပိုက်ဆံလည်းတောင်းတယ် လူစားထိုးပေမယ်ကော၊ ဘာကော အမျိုးမျိုးပြောနေတာ”လို့ သူကပြောပါတယ်။

 

ဒါ့အပြင် လွတ်လပ်ရေးရပ်ကွက်မှာလည်း တစ်အိမ်ထောင်ကို ကျပ် ၇သောင်းတောင်းကြောင်း အဲဒီရပ်ကွက်မှာ နေသူတစ်ဦးက ပြောပါတယ်။

 

“ဒီမှာကတော့ အုပ်ကြီးက တစ်အိမ်ထောင် ၇သောင်းပေးရင် စာရင်းလည်းမပါဘူး။ သူတို့ကြည့်လုပ်မယ်ပြောပြီး ‌တောင်းတယ်။ ပိုက်ဆံလည်းရပြီးကော စကားက အမျိုးမျိုးပြောတယ်။ ‌ဖောင်ဖြည့်ရမယ်တွေ ဘာတွေ ဖြစ်ပြန်ကော”လို့ လွတ်လပ်ရေးကွက်မှာ နေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် လှိုင်သာယာမြို့နယ် ရေဥက္ကံရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း စစ်မှုထမ်းဖို့စာရင်းမပါလိုက ကျပ် ၁၀သိန်းမှ စပြီးတောင်းနေတယ်လို့ ဒေသခံတွေကထံက သိရပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းကိစ္စကို အကြောင်းပြငွေညှစ်တာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အတော်များများက လုပ်ဆောင်နေတာကို ဒေသခံတွေ ပြောကြားချက်တွေအရ သိရပါတယ်။

 

မြို့နယ်အချို့မှာလည်း စစ်မှုထမ်းမဲ့သူတွေကို  ထောက်ပံ့ဖို့ဟုဆိုကာအုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံနေတယ်လို့ ဆိုပါတယ်။

 

မြို့တွင်းမြို့နယ်‌တွေမှာ တစ်အိမ်ထောင်ကို ကျပ် ၅၀၀၀ကောက်နေပြီး၊ ကျေးရွာတွေမှာတော့ တစ်အိမ်ထောင်ကို ကျပ် ၁၅၀၀၀ကနေ ၃၀၀၀၀အထိ အုပ်ချုပ်ရေးမှူးတွေက ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – မင်္ဂလာတောင်ညွှန့်မြို့နယ် တစ်နေရာကို မြင်ရပုံ