ဆေးခန်းပြပြီး ပြန်လာတဲ့ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရလို့ သေဆုံး

Published on Jun 08, 2024

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာက ပျူစောထီး ခေါင်းဆောင်လို့ဆိုသူ  ဦးသိန်းဆွေ (ခ) ဦးဗူးလွယ် (၅၅) နှစ်ခန့်နဲ့ ဇနီးဖြစ်သူတို့ကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (KRA) က ဇွန်လ ၆ ရက်နေ့မှာ ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ဦးဗူးလွယ် သေဆုံးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

 

ဦးသိန်းဆွေဟာ စစ်ကောင်စီတပ်က ပစ္စတိုသေနတ် ပေးအပ်ထားခံရသူဖြစ်ပြီး စစ်ကောင်စီတပ်ကို ဆန်၊ ကြက်သွန်နဲ့ ရိက္ခာအတွက် လိုအပ်တာတွေ ထောက်ပံ့တဲ့အပြင် သတင်းပေးတာ စစ်မှုထမ်းဖို့ ဦးဆောင် လုပ်ကိုင်တာတွေရှိတဲ့အတွက် ကျေးရွာက လူငယ်တွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျောက်ဆည်တော်လှန်ရေးတပ် တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။

 

ဦးသိန်းဆွေ နဲ့ ဇနီးဖြစ်သူ ဒေါ်သက်နွယ်(၅၃) နှစ်တို့ဟာ သင်ပျိုကျေးရွာကနေ ကျောက်ဆည်မြို့ကို ဆေးခန်းပြဖို့ သွားရောက်ခဲ့ပြီး ပြန်လာချိန် မွန်းလွဲ ၁ နာရီခန့်မှာ အနောက်ငယ်တိုးကျေးရွာနဲ့ ညောင်ဝန်းကျေးရွာကြား ဇရပ်အနီး မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဦးသိန်းဆွေကို ရင်ဘတ်နဲ့ ခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကာ နေရာမှာတင် သေဆုံးခဲ့ပြီး ဒေါ်သက်နွယ်ကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

“ ပျူစောထီးကောင်ကိုတော့ နေရာမှာတင် သုတ်သင်ခဲ့ပါတယ် ပျူစောထီးမ ကိုတော့ မှတ်လောက်သားလောက်အောင်ပဲ ဆုံးမတာပါ သူက ရိက္ခာတွေပို့ စစ်မှုထမ်း စုဆောင်းတာတွေ လုပ်တယ်” လို့ သူကပြောပါတယ်။

 

ဦးသိန်းဆွေမှာ ပျူစောထီး လက်အောက်ငယ်သား (၂၀) ဦးခန့်ရှိကာ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာတော့  ဦးသိန်းဆွေဟာ သင်ပျိုကျေးရွာက လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်တယ်လို့ ဖော်ပြပေမယ့် ဒါဟာဟန်ပြအလုပ်သာ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

 

အဲဒီ တိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်( KRA)၊ ကျောက်ဆည် KDDF နဲ့ စဉ့်ကိုင်မြို့နယ် (ပ.က.ဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ဦးသိန်းဆွေဆီက ၉ မမ ကျည် ၇ တောင့်၊ လက်ကိုင်ဖုန်း ၃ လုံး ငွေနှစ်သောင်းကျပ်နဲ့ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဦးသိန်းဆွေရဲ့ သေဆုံးအလောင်းနဲ့ ဒေါ်သက်နွယ်တို့ကို စစ်ကား ၉ စီးနဲ့ လာရောက်သယ်ဆောင်သွားပြီး ဒေါ်သက်နွယ်ကို မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ဆိုပေမယ့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ လင်မယားနှစ်ယောက်လုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

စစ်အာဏာသိမ်းပြီး ကာလတွေအတွင်း သင်ပျိုကျေးရွာမှာ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူး တွေဖြစ်တဲ့ ဦးသိန်းဌေး၊ ဦးမြင့်အောင်၊ ဦးကျော်ငွေ၊ ဦးဖိုးအောင်၊ ဦးကျော်တင့် နဲ့  ဦးသိန်းဆွေအပါအဝင် ခုနစ်ဦးထိ တော်လှန်ရေးတပ်ဖွဲ့တွေက  ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။