မင်းကင်း၊ မတောရွာ မင်္ဂလာဆောင် ဗုံးကြဲခံရမှု လူ ၃၀ နီးပါးသေဆုံး၊ ဒဏ်ရာရ ၆၀ ဦးကျော်ကို သုံးနေရာခွဲပြီး ကုသမှုများပေးနေ

Author မင်းထက်
Categories
Published on Jun 05, 2024

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာက မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီက ဇွန်လ ၃ ရက်က ပေါင် ၅၀၀ ဗုံးကြဲချခဲ့လို့ လူ ၃၀ နီးပါးသေဆုံးခဲ့ရတဲ့အပြင် ၆၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)ဆီကနေ သိရပါတယ်။

 

ချင်းတွင်းမြစ်ကမ်းနံဘေးကရွာလေးမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့(မင်းကင်း)က တပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးရဲ့ မင်္ဂလာပွဲကျင်းပနေချိန် အဲဒီနေ့ မနက် ၈ နာရီကျော်မှာ စစ်ကောင်စီတိုက်လေယာဉ်က ဗုံး ၂ လုံးကြဲချခဲ့တာလို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)ရဲ့ ပြောဆိုမှုအရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၆၆ ယောက်ရှိပြီး ကလေးငယ်တွေအပါအဝင် ၂၉ ယောက်သေဆုံးခဲ့ကြောင်း SRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“သေဆုံးသူတချို့ဆိုရင် ခန္ဓာကိုယ်ပုံမပေါ်တာတွေ၊ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားဖို့ မဖြစ်နိုင်တော့လောက်တဲ့အထိ ရုပ်ပျက်တာတို့၊ အသားစတွေပြန့်ကျဲနေတာ တစ်စချင်းကောက်ရတယ်” လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ဒဏ်ရာရသူတချို့မှာ သွေးရူးသွေးတမ်းထွက်ပြေးခြင်းတွေရှိသလို ဒေသခံတချို့ဟာ ယခုလို တိုက်ခိုက်ခံရတာ ထပ်ဖြစ်လာမှာစိုးရိမ်တာကြောင့် ရွာထဲကနေ ထွက်ခွာသွားကြပြီး ဒဏ်ရာရသူမိသားစုဝင်တွေကို တပါတည်းခေါ်သွားကြတယ်လို့ ကူညီကယ်ဆယ်နေကြသူတွေက ပြောပါတယ်။

 

“တချို့က သွေးရူးသွေးတန်းနဲ့ ထွက်ပြေးသွားကြလို့လိုက်ရှာရတယ်ဗျ။ ဒဏ်ရာတွေနဲ့ ပြေးသွားကြတာတွေရော ကျွန်တော်တို့ နောက်ရက်(ဇွန် ၄)ထိ ဆက်ရှာရတယ်။ မြင်ကွင်းက တော်တော်ဆိုးသွားတော့။ လက်ရှိ လူတွေကတော့ စုံပါပြီဗျ။ သုံးနေရာလောက် ခွဲပြီး ဆေးကုသပေးနေပါတယ်” လို့ ကူညီကယ်ဆယ်ရေး ပါဝင်ဆောင်ရွက်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။

 

မတောရွာခံများအတွက် နေရေး၊ စားရေးအတွက် စီစဉ်ထားပြီးဖြစ်သော်လည်း ဒဏ်ရာပြင်းထန်သူများ‌‌နေလို့ ဆေးဝါးကုသမှုအတွက် လိုအပ်ချက်များစွာရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ SRF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“တောနေလူတန်းစားဆိုတော့ ငွေ​ရေးကြေးရေးပမာဏဆိုတာက ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေအနေနဲ့ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်” လို့ မတောရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီကြဲတဲ့ ဗုံးနှစ်လုံးထဲ ပထမတစ်လုံးဟာ မင်္ဂလာဆောင်နေရာကို တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ဗုံးတစ်လုံးကတော့ မီတာခြောက်ဆယ်ခန့် အကွာအဝေးမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် မင်္ဂလာဆောင်ရဲ့ အိမ်အပြင်ဘက် အနီးနားက နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ကူညီကယ်ဆယ်ရေးနဲ့ အရပ်သားတွေကို ကယ်ထုတ်တဲ့နေရာမှာ SRF ရဲဘော်တွေအပြင် မတောရွာထဲက ‌အရံတပ်ဖွဲ့တွေနဲ့ ရွာသူရွာသားတွေလည်း ပါဝင်ကူညီပေးကြကြောင်း သိရပါတယ်။

 

ဒဏ်ရာရသူတွေကို ဆေးကုသဖို့အတွက် လုံခြုံရာနေရာတွေဖြစ်တဲ့ အခင်းဖြစ်ရာနဲ့ဝေးရာ ရွာတွေအထိ သယ်ဆောင်သွားရတာဖြစ်လို့ တခြားတပ်ဖွဲ့တွေကိုလည်း အကူအညီတောင်းခဲ့ရတယ်လို့ SRF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

“သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ ဒဏ်ရာပြင်းထန်တာကလည်း များတယ်ဗျ။ ‌ခြေထောက်ဖြတ်ရတာတွေ၊ လက်ဖြတ်ရတာတွေရှိတယ်ဗျ။ အဲဒီအတွက် ကုသစရိတ်ကတော့ တော်တော် လိုအပ်တာဗျ။ လူနာတွေရဲ့ နေရေးစားရေး အစစအရာရာပေါ့ဗျာ” လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ SRF တာဝန်ရှိသူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုခံရခြင်းမှာ တောမရွာဟာ မင်းကင်းမြို့နဲ့ တစ်ဖက်ကမ်းမှာရှိပြီး စစ်ကောင်စီနဲ့ ဆက်စပ်နယ်မြေဖြစ်ကြောင်း၊ ယခင်ကလည်း အဲဒီကျေးရွာမှ စစ်တပ်သတင်းပေးတွေကို မိသားစုလိုက် နယ်နှင်ဒဏ်ပေးခဲ့ရတာလည်းရှိတယ်လို့ SRF ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

 

ဒီလိုလူအစုအလိုက်အပြုံလိုက်သေဆုံးခဲ့ရမှုက ဒဏ်ရာရထားသူတွေကို ပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါရန် SRF အဖွဲ့ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

 

ထိုမင်္ဂလာပွဲနဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီအွန်လိုင်းမီဒီယာတွေက မတောရွာ မင်္ဂလာဆောင်ဟာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ခေါင်းဆောင်တစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်ပြီး ပေါင် ၅၀ဝ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ရေးသားကြသလို အဲဒီတိုက်ခိုက်မှုအတွင်း PDF တွေ သေဆုံးတယ်လို့လည်း ရေးသားကြပါတယ်။

 

ဒါ့အပြင် PDF တွေဟာ မင်းကင်းမြို့ကိုတိုက်ဖို့ မတောရွာ မင်္ဂလာဆောင်မှာပဲ ဆွေးနွေးနေချိန် စစ်တပ်က လေကြောင်းကနေ ရှင်းလင်းခဲ့တာလို့ စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုရေးသားကြပါတယ်။

 

ဒါ့အပြင် အရပ်သားတွေကို ကူညီကယ်ဆယ်ရေးလုပ်နေချိန်မှာလည်း မြစ်တစ်ဖက်ခြမ်း မင်းကင်းမြို့ထဲကနေ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေရှိတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဲဒီစစ်တပ်ဟာ ဒီလိုပစ်ခတ်မှုတွေကို ပြီးခဲ့တဲ့လပိုင်းကတည်းက ခပ်စိပ်စိပ်ပြုလုပ်လာနေတာဖြစ်တယ်လို့ မတောကျေးရွာတော်လှန်ရေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

 

“ဒီနေ့ဆို ၁၉ ရက်ရှိပြီ တိမ်းရှောင်ခိုင်းတာပါ။ ဘာလို့ဆို ကျွန်တော်တို့ရွာက မင်းကင်းမြို့ကပစ်လိုက်တဲ့ လက်နက်ကြီးနဲ့ အနီးကပ်ဆုံး နေရာဖြစ်တယ်ဗျ။ အနီးကပ်ဆုံးရွာဖြစ်တဲ့အတွက် ပြည်သူတွေကို ကျွန်တော်တို့လည်း လက်နက်ကိုင်တော့ လက်နက်ကိုင်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကိုင်တဲ့လက်နက်နဲ့ သူတို့ကိုင်တဲ့လက်နက်က ကွာခြားမှုရှိတယ်။ အဲဒါကြောင့် သူတို့ပစ်မယ့်လက်နက်ကြီးကိုတော့ ကာကွယ်မပေးနိုင်တဲ့အတွက်ကြောင့် ပြည်သူတွေကို မေတ္တာရပ်ခံပြောခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဇွန်လ ၃ ရက်နေ့ ဖြစ်စဉ်အပြီး လက်ရှိမှာတော့ ကျေးရွာအတွင်း ပြည်သူအများအပြားဟာ ​ဘေးလွတ်ရာနေရာတွေမှာ အဆင်ပြေသလို ဆောက်လုပ်နေထိုင်တိမ်းရှောင်နေကြရကြောင်း ကျေးရွာခေါင်းဆောင်က ဆက်ပြောပါတယ်။

 

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း အနောက်မြောက်တိုင်းစစ်ဒေသ ချင်းပြည်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ စုစုပေါင်းလေကြောင်းတိုက်ခိုက်ခံရမှု ၈၂၄ ကြိမ်အထိရှိခဲ့ပါတယ်။

 

ထိုအထဲမှာ စစ်ကိုင်းတိုင်းဟာ ၅၄၃ ကြိမ်အထိ အများဆုံးတိုက်ခိုက်ခံခဲ့ရကာ ချင်းပြည်နယ်မှာ ၁၈၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၆ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး အရပ်သားပြည်သူ ၆၄၃ ဦးသေဆုံးခဲ့ပြီး ၅၅၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)