၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကြောင့် အာဏာသိမ်းလိုက်ရပါတယ်လို့ ပြင်ဦးလွင်က ဗိုလ်လောင်းတွေကို စစ်ခေါင်းဆောင် သွားရှင်းပြနေပြန်

Author ကိုထားဝယ်
Categories
Published on May 31, 2024

ပါတီစုံ၊ ပြည်တွင်းပြည်ပရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ပေါင်းစုံနဲ့ ကိုဗစ် ၁၉ ကပ်ဆိုးကြားက ပြည်သူအများ မဲထွက်ပေးခဲ့ကြတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိနေတာကို မရှင်းပေးလို့ စစ်တပ်က အာဏာသိမ်းလိုက်ရတာပါဆိုပြီး ပြင်ဦးလွင်က ဗိုလ်လောင်းသင်တန်းသားတွေကို စစ်ခေါင်းဆောင်က သွားရှင်းပြနေပြန်ပါတယ်။

 

သူဟာ မနေ့ မေလ ၃၀ ရက်က ပြင်ဦးလွင်ကိုရောက်နေချိန် ဗိုလ်လောင်းသင်တန်းသားတွေနဲ့ သွားတွေ့ပြီး အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုများဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေနဲ့ မဲမသမာမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့တဲ့အတွက် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်” လို့ ၂၀၂၀ ပြည့်နှစ်မှာ သမ္မတလုပ်ခွင့်မရခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

 

ဒါ့အပြင် ပြည်သူ့အစိုးရဆီက အာဏာလုပြီးနောက် ကိုဗစ် ၁၉ ရောဂါတတိယလှိုင်းကာလထဲ စစ်သားတွေလုပ်ခဲ့တဲ့ မသမာမှုတွေကြောင့် ပြည်သူတွေသေဆုံးခဲ့ရတဲ့အကြောင်းမပါဘဲ တခြားအကြောင်းအရာတွေ၊ အာဏာရှင်တော်လှန်သူတွေ၊ CDM လှုပ်ရှားသူတွေကြောင့် တိုင်းပြည်ပျက်ရတယ်ဆိုပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က လက်ညှိုးထိုးအပြစ်ဖို့ပါတယ်။

 

စစ်ကောင်စီဟာ အဲဒီလို အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံကြားကနေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဗိုလ်လောင်းတွေကို အကျယ်တဝင့် ရှင်းပြသွားကြောင်း ဒီနေ့ မေလ ၃၁ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ရေးသားဖော်ပြကြပါတယ်။

 

ဒါ့အပြင် ဗိုလ်လောင်းတွေနဲ့ အရာရှိငယ်တွေအနေနဲ့ စိတ်ဓာတ်ခံယူချက်ကောင်းကောင်းမွန်မွန်နဲ့ သင်ယူလေ့လာပြီး တပ်မတော်ကို ပြန်လည်အကျိုးပြုဖို့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားသွားပါတယ်။

 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မည်သည့်မဲမသမာမှုမှ ပြုလုပ်ခဲ့တာမရှိဘူးလို့ အာဏာရပါတီက ဆိုခဲ့သလို လွတ်လပ်တဲ့ ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနဲ့ ပြည်သူအများအပြားကလည်း ပြောဆိုခဲ့ပေမဲ့ စစ်တပ်နဲ့ အာဏာသိမ်းမှုကို လိုလားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တစ်ဖတ်သတ်စွပ်စွဲပြီး အာဏာသိမ်းခဲ့ကြတာဖြစ်ပါတယ်။

 

အဲဒီလို အာဏာသိမ်းမှုအကျိုးဆက်ကြောင့် စစ်တပ်ချုပ်ကိုင်ခဲ့တဲ့ သုံးနှစ်နဲ့ လေးလတာကာလအတွင်း တိုင်းပြည်မှာ အရာရာဆုတ်ယုတ်ခဲ့ရပြီး လက်ရှိမှာ စစ်ပွဲဒဏ်၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်၊ ငွေကြေးဖောင်းပွမှုဒဏ်၊ စစ်သားတွေရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုဒဏ်နဲ့ စစ်ကောင်စီလက်ပါးစေတွေရဲ့ ဖိနှိပ်မှုဒဏ်တွေကို ပြည်သူလူထုမှာ ခါးစည်းခံစားနေကြရပါတယ်။

 

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်သတင်းစာ MOI