စစ်ခေါင်းဆောင် မကွေးရောက်နေ၊ ရွာတစ်ရွာ သစ်ပင် ၂ ဧကစိုက်ကြဖို့ပြောပြန်

Author ကိုထားဝယ်
Categories
Published on May 25, 2024

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့ မေလ ၂၄ ရက်ကစပြီး အညာဒေသ မကွေးတိုင်း၊ မကွေးမြို့ကို ရောက်ရှိနေပါတယ်။

 

အဲဒီမှာ အာဏာသိမ်း တပ်ချုပ်အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ဟာ အရပ်ဝတ်တွေနဲ့ ပွဲတက်လာတာကို တွေ့ရပါတယ်။

 

အဲဒီမှာ စစ်ကောင်စီလက်အောက်ခံ မကွေးတိုင်းအစိုးရနဲ့ တွေ့ဆုံခဲ့ရာမှာ အပူပိုင်းဇုန်ထဲပါဝင်တဲ့ မကွေးတိုင်းဟာ ဒီနှစ် နွေရာသီမှာ သိသိသာသာ ပိုမိုပူပြင်းလာတာကို တွေ့ရပြီး တချို့မြို့နယ်တွေ ကမ္ဘာ့အပူဆုံးမြို့စာရင်းထဲ ပါဝင်ခဲ့တာကို တွေ့ရတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ဆိုပါတယ်။

 

“အပူရှိန်လျှော့ချရေးနဲ့ ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ဖို့ သစ်ပင်စိုက်ပျိုးတာပဲဖြစ်တယ်။ ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင် အနည်းဆုံး ၂ ဧက စိုက်ပျိုးဖို့လိုတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

ခေတ်အဆက်ဆက် စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အရာရှိတွေ တွေ့ရာသစ်ပင် လက်ညှိုးထိုး ရောင်းစားခဲ့တဲ့အကျိုးဆက်အနေနဲ့ ရာသီဥတုတွေဖောက်ပြန်ပြီး သဘာဝဘေးဒဏ်ကို အလူးအလဲခံစားနေကြရတာပါ။

 

ဒါကြောင့် နွေဆို အပူဒဏ်ကို အလွန်အကဲခံစားရသလို မိုးတွင်းဆို တစ်နိုင်ငံလုံးနီးပါး နှစ်စဉ် ရေကြီးလေ့ရှိပြီး ဆောင်းတွင်းဆိုပါက အပူအအေးမမျှတမှုများကို မြန်မာပြည်သူတွေ ခံစားနေရပါတယ်။

 

အဲဒီလိုဒုက္ခတွေ့နေချိန်ကျမှပဲ အပူပိုင်းဒေသ မကွေးကိုရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က သစ်ပင်တွေ စိုက်ဖို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။

 

“အိမ်ဝင်း၊ လမ်းဘေးတွေမှာလည်း စိုက်ဖို့လိုတယ်။ မြို့၊ ရွာတွေအလိုက် သစ်တောသစ်ပင် စိုက်ပျိုးဖို့မြေနေရာတွေကို စိစစ်ဖော်ထုတ်ဖို့လိုတယ်” လို့ သူက ပြောပါတယ်။

 

အဲဒီလိုလုပ်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတင်မကဘဲ ဒေသခံတွေအားလုံးကလည်း ဝိုင်းဝန်းလုပ်ဆောင်မှ ဖြစ်လိမ့်မယ်လို့ ဆိုတဲ့အပြင် ရာသီဥတုပြင်းထန်တဲ့ကာလတွေမှာ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးအားနည်းသူများအနေနဲ့ အပူဒဏ်ရှောင်နိုင်ရေးနဲ့ အပူဒဏ်ကို ခံနိုင်မယ့် အဆောက်အအုံတွေ ဆောင်လုပ်ဖို့ စစ်ခေါင်းဆောင်က ပြောကြားသွားခဲ့ပါတယ်။

 

အခုနှစ် ဧပြီလထဲ ချောက်မြို့နယ်ဟာ ၄၈ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယက်နဲ့ ကမ္ဘာ့အပူချိန်စံချိန်တင်ခဲ့သလို မကွေး၊ မန္တလေးတိုင်း ညောင်ဦးမြို့တို့ဟာလည်း ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၀ မြို့ထဲ ပါဝင်ခဲ့ကြပါတယ်။

 

“ချောက်မှာ စိုက်ပျိုးသမျှ သစ်ပင်တွေ နွေရောက်ရင် သေကုန်ရော” လို့ ချောက်မြို့ခံ တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

အဘယ့်ကြောင့်ဆိုသော် မိုးရာသီမှာ စိုက်တဲ့အပင်များအတွက် နွေရာသီမှာ ရေမရတာကြောင့် စိုက်ပျိုးသမျှအပင်တွေအားလုံးမှာ အပူဒဏ်ကြောင့် ခြောက်ပြီး သေဆုံးရခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးရာသီကာလ ဇူလိုင်လကုန်မှာ နေပြည်တော်နယ်မြေထဲ နိုင်ငံတဝန်း သစ်ပင် ၃၀ ဒသမ ၅၇ သန်း စိုက်ပျိုးခဲ့ပြီး  ရှင်သန်ရေး အားစိုက်ထိန်းသိမ်းဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က အဲဒီနှစ် ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။