စလင်းမြို့နယ်မှာ စစ်တပ်က အကြောင်းမဲ့ ပြည်သူပိုင်နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

Author ကေဇက်
Categories
Published on May 25, 2024

မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ ကုန်းခြားရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ၀င်ရောက်ကာ နေအိမ် ၁၀၀ ကျော် ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း တော်လှန်ရေး‌ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ် လက်အောက်ခံ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၁ က တပ်သားတွေက  မနေ့ မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်မှာ ကား ၃ စီးနဲ့ ပုသိမ်-မုံရွာ ကားလမ်းဘေးမှာရှိတဲ့ ကုန်းခြားရွာကို ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အကြောင်းမဲ့  အရပ်သားတွေရဲ့နေအိမ် ၁၀၀ ကျော်ကို  မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

 

“မီးကတော့ တစ်ရွာလုံး နီးပါး ပါပဲ၊ ရွာထဲကပြည်သူတွေလည်း ငိုယိုနေကြတာပေါ့၊တိရစ္ဆာန်တွေလဲ ကျန်ခဲ့တော့ လွတ်တဲ့ကောင်တွေက လွတ်ပြီး မီးပုံတွေထဲ ဟိုပြေးဒီပြေး ပတ်ပြေးတဲ့ကောင်တွေကပြေး ‌၊သေတဲ့ကောင်တွေကလည်း သေကြတာပေါ့” လို့ မီးငြှိမ်းသတ်ရာ‌တွင် ပါဝင်ခဲ့သူ ရဲဘော်တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် အနီးဝန်းကျင်က ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

နိုင်ငံတ၀န်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့  မီးရှို့ဖျက်ဆီးတာကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်သူနေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ၂၀၂၄ ဧပြီလကုန်အထိ စုစည်းထားတဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – ကေဇက်

 

Related News

Depend on news