သံတွဲမှာ AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ရေလမ်း၊ ကုန်းလမ်းအားလုံး ဖြတ်သန်းသွားလာခွင့်ပိတ် သံတွဲ-ရန်ကုန်လေယာဉ်လက်မှတ်တစ်စောင် ကျပ်လေးသိန်းခွဲအထိမြင့်တက်

Author လဂွန်းအိမ်
Categories
Published on May 24, 2024

ကမ္ဘာ့အသာယာဆုံးကမ်းခြေတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ ငပလီရှိရာ ရခိုင်ပြည် သံတွဲမြို့အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရေလမ်း၊ ကုန်းလမ်း အားလုံးကို စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့မှာ ပြီးခဲ့တဲ့ ဧပြီလလယ်လောက်က စတင်ပြီး နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားလာပြီး ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက ငါးဖမ်းစက်လှေတွေကို ကမ်းကပ်ခွင့်မပြုသလို ဂိတ်တွေမှာပိတ်ထားတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

 

“ငါးဖမ်းစက်လှေတွေ ကမ်းကပ်ခွင့်ပိတ်ထားတော့ ငါးဆိုတာရှာမရအောင်ဖြစ်နေတယ်။ သူတို့(စစ်ကောင်စီ)က ဂိတ်တွေလည်းပိတ်ထားတော့ ဟင်းတွေ၊ ငါးတွေရှားပါးကုန်တယ်။ ကြက်ဥတောင် ရှာမရတဲ့အနေအထားပါ” လို့ သံတွဲမြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီဈေးနှုန်းလည်း တစ်လီတာကို ကျပ် ၉၀၀၀ အထိမြင့်တက်နေသလို မြို့ကိုစွန့်ခွာသူတွေများလာတာကြောင့် သံတွဲ-ရန်ကုန် လေယာဉ်လက်မှတ်ခတွေ ဈေးနှုန်း သုံးဆနီးပါးမြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

“လေယာဉ်ခက သံတွဲ-ရန်ကုန် ကို လေးသိန်းခွဲလောက်ပေါက်တယ်။ အရင်က အဲဒီလောက်မရှိဘူးလေ။ စစ်ကောင်စီနဲ့နီးစပ်သူဆိုရင်တော့ လက်မှတ်ရလွယ်တာပေါ့။ လေယာဉ်က နေ့တိုင်းလည်းမထွက်ဘူး” လို့ သံတွဲမြို့ကနေ ရန်ကုန်ကို ပြန်မယ့်သူတစ်ယောက်က CJ Platform ကိုပြောပါတယ်။

 

အရင် သံတွဲ-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ်တစ်သိန်းခုနစ်သောင်းခန့်ပဲရှိတယ်လို့ သိရပါတယ်။

 

တိုက်ပွဲတွေကြောင့် လျှပ်စစ်တာဝါတိုင်တွေ ပြိုလဲပျက်စီးမှုတွေရှိနေတာကြောင့် လက်ရှိ သံတွဲမြို့ တစ်မြို့လုံး လျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ သိရပါတယ်။

 

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က မေ ၂၀ ရက်နေ့မှာ ဘူးသီးတောင်၊ မောင်းတော၊ သံတွဲဒေသတွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်