မင်းတပ်မှာ စိတ်ကျန်းမာရေး ချို့ယွင်းနေတဲ့ အမျိုးသား ၁ ဦး စစ်ကောင်စီပစ်ခတ်လို့ သေဆုံး

Author ဆလိုင်း
Categories
Published on May 14, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စိတ်ကျန်းမာရေး ချို့ယွင်းနေတဲ့ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ အဲဒီဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ မေလ ၁၃ ရက် နေ့လယ် ၁ နာရီလောက်က အရှေ့ပြင်ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်သတ်လိုက်တာလို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကင်းလှည့်တဲ့ စစ်သားတွေက ပစ်သတ်လိုက်တာပါ။ အဲဒီအမျိုးသားက စစ်သားတွေ တွေ့လို့ လန့်သွားတာ။ ပြီးတော့ သူက စိတ်တစ်ခါတလေ ဖောက်တတ်တယ်။ အဲဒါကို စစ်သားတွေက မသင်္ကာတဲ့ပုံစံနဲ့ ပစ်သတ်သွားတာပါ” လို့ သူက ဆိုပါတယ်။

 

ပစ်သတ်ခံရတဲ့ အမျိုးသားဟာ အသက် ၃၀ နှစ်အရွယ် မောင်ဟာနူးလို့ သိရပြီး သူ့ရဲ့ ရုပ်အလောင်းကို မင်းတပ် ဆေးရုံက ရင်ခွဲရုံမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

မင်းတပ်မြို့မှာ ယခု ရက်ပိုင်းတွင်း စစ်ကောင်စီက ကင်းပုန်း၊ ဘန်ကာတွေ တည်ဆောက်ထားပြီး မြို့လုံခြုံရေးတွေလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ် မှတ်ပုံတင်ပြုလုပ်ဖို့ သွားရောက်တဲ့ အမျိုးသမီး နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

ဖမ်းဆီးခံရတဲ့ အမျိုးသမီး နှစ်ဦးအနက် တစ်ဦးကို မြို့မိ/မြို့ဖ အကူအညီနဲ့ ပြန်လွတ်ပေမဲ့ တစ်ဦးကို ဒီနေ့အထိ လွှတ်ပေးခြင်း မရှိသေးဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကလေးမ နှစ်ယောက်က မှတ်ပုံတင်လုပ်မယ်ဆိုပြီး မြို့ထဲကိုလာတာ မြို့အဝင် စစ်သားဂိတ်ဖြတ်ပြီး ထွေအုပ်ရုံးအရောက်မှာ ဖမ်းသွားတယ်။ ထွေအုပ်ရုံးမှာ ရေလောင်းပြီး စစ်ဆေးခံရတယ်။ ပြီးမှ ရေစိုကြီးနဲ့ ခလရ ၂၇၄ တပ်ရင်းကို ခေါ်သွားတယ်။ တစ်ယောက်ကို နောက်နေ့ ပြန်လွှတ်ပေးတယ်” လို့ သူက ဆိုပါတယ်။

 

ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တဲ့ အမျိုးသမီးကို မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှာ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်နေတယ်လို့ စွပ်စွဲပြီး အစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – မင်းတပ်မြို့တွင်း တွေ့ရတဲ့ စစ်ကောင်စီတပ်သားများ