ကျိုင်းတုံနယ်က စစ်သားတွေ တိုက်ပွဲအတွက် ကြိုပြင်ထားဖို့၊ တပ်တွင်း စည်းလုံးညီညွတ်ဖို့ စစ်ခေါင်းဆောင်ပြော

Author ကိုထားဝယ်
Categories
Published on May 13, 2024

တစ်နိုင်ငံလုံးစစ်မျက်နှာတွေမှာ စစ်ကောင်စီတပ်တွေ အရှုံးပြီးအရှုံးဆင့်နေချိန် ရှမ်းပြည်(အရှေ့ပိုင်း)ကျိုင်းတုံတပ်နယ် တြိဂံတိုင်းစစ်ဌာနချုပ်က အရာရှိ၊ စစ်သည်တွေအနေနဲ့ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ တပ်တွင်းစည်းလုံးညီညွှတ်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

 

မေလ ၁၁ ရက်နေ့က ကျိုင်းတုံမြို့ကို ရောက်နေစဉ် တြိဂံတိုင်းစစ်ဌာနချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ အဲဒီစစ်ဌာနချုပ်မှာ တွေ့ဆုံချိန် အထက်ပါအတိုင်း စစ်ကောင်စီခေါင်းဆောင်က ထည့်သွင်းမှာကြားခဲ့တာ ဖြစ်ပါတယ်။

 

“တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် စစ်ရေးအသိ၊ စစ်ရေးသတိရှိဖို့လိုပြီး နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပါက ဖြစ်ပေါ်လာနိုင်တာတွေကို ကြိုတင်မျှော်တွေး ပြင်ဆင်ဆောင်ရွက်နေရမယ်” လို့ သူက ပြောပါတယ်။

 

အဲဒီနောက် တပ်မတော်သားအားလုံးအနေနဲ့ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုတယ်လို့ သူက တိုက်တွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် တစ်ဦးချင်းကျန်းမာကြံ့ခိုင်ရေး နေ့တိုင်းလေ့ကျင့်ရေးလုပ်ဖို့နဲ့ နေ့စဉ်စစ်တပ်တာဝန်တွေကို ထမ်းဆောင်တာကလည်း ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်နေတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

တဖန် စစ်သည် တစ်ဦးချင်းစီအလိုက် အမြဲတမ်းတိုက်ပွဲဝင်အသင့်(Fit for Fight)ဖြစ်နေစေဖို့ မှန်ကန်တဲ့လေ့ကျင့်ရေးတွေလုပ်နေရမယ့်အပြင် ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းရေး၊ ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာအသင့်ဖြစ်နေစေရေး လေ့ကျင့်ဆောင်ရွက်ပေးနေဖို့လိုတယ်လို့ ပြောပါတယ်။

အသောက်အစား အပျော်အပါးတွေကို ကျိုင်းတုံနယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ကိုလည်း သူက ပြောကြားခဲ့ပါသေးတယ်။

 

ဆက်လက်ပြီး တပ်တွင်းစည်းလုံး ညီညွတ်ရေးဟာ အလွန်အရေးကြီးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရေးတကြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

အဲဒီမှာ တပ်ဦးဆောင်သူတွေအနေနဲ့ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေကို ပတ်ဝန်းကျင်ကောင်းဖန်တီးပေးရမှာဖြစ်သလို ညီညွတ်မျှတတဲ့ အုပ်ချုပ်မှုပုံစံနဲ့ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်၊ ဖခင် စိတ်ဓာတ်နဲ့ ကွပ်ကဲအုပ်ချုပ်ရမယ်လို့မှာသလို အရာရှိ၊ စစ်သည်တွေ၊ မိသားစုဝင်တွေအားလုံး စည်းလုံးညီညွတ်ဖို့ သူက ပြောခဲ့ပါတယ်။

 

အာဏာသိမ်းပြီးချိန်ကစလို့ အခုလက်ရှိအချိန်ထိ ကျိုင်းတုံနယ်ထဲ တခြားတိုင်းနဲ့ ပြည်နယ်တွေလို စစ်ကောင်စီကို တော်လှန်ပုန်ကန်မှု မရှိသလောက်ပါပဲ။

 

ဒီနှစ် ဇန်နဝါရီလထဲ ကျိုင်းတုံကို ‘ဝ’ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်(UWSA)က ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ “မတိုက်ဘူး” လို့ ‘ဝ’တပ်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ကျိုင်းတုံမြို့က ရွှေတြိဂံတိုင်းစစ်ဌာနချုပ်အနီးဆုံးမှာ UWSA ဌာနချုပ် ပန်ဆန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ ၄ – မိုင်းလားအဖွဲ့(NDAA)ဌာနချုပ် မိုင်းလားမြို့တို့တည်ရှိပါတယ်။

 

အဲဒီနှစ်ဖွဲ့စလုံးဟာ စစ်ကောင်စီတပ်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မထိုးထားကြပါဘူး။ အခုနွေဦးတော်လှန်ရေးမှာ ဘယ်အဖွဲ့ဘက်ကမှ မပါဘဲ ကြားနေမယ်လို့ ‘ဝ’ တပ်က တရားဝင်ပြောဆိုထားသလို မိုင်းလားအဖွဲ့ဘက်ကလည်း အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း တော်လှန်တိုက်ခိုက်တာမျိုးလုပ်တာ မတွေ့ရပါဘူး။

 

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်သတင်းစာများ