အင်းစိန် CID ရုံးကို ဗုံးခွဲတိုက်ခိုက်၊ ရဲတချို့ ဒဏ်ရာရလို့ဆို

Author ကိုထက်
Categories
Published on May 11, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ရွာမအ‌ရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းပေါ်က မှုခင်းတပ်ဖွဲ့(CID)ရုံး မနေ့ ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အနီးနားနေပြည်သူတွေဆီက သိရပါတယ်။

 

မနေ့ညနေ ၅ နာရီခွဲလောက်က ဗုံးနှစ်လုံးပေါက်ကွဲသံ ဆက်တိုက်ကြားလိုက်ရပြီး လူနာတင်ကားတွေလည်း အဲဒီရုံးထဲဝင်သွားတယ်လို့ ရွာမအရှေ့ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“ငါးခွဲလောက်က ကြားလိုက်တာ။ နှစ်လုံးဆက်တိုက်ပေါက်တာ။ အစက မိုးကြိုးပစ်တယ်ထင်လို့။ ထွက်ကြည့်တော့မှ ဗုံးပေါက်တာတဲ့ ဂိတ်ဝမှာပေါက်တာ။ သိပ်မကြာဘူး။ Ambulance ကားတွေဝင်သွားတယ်။ ရဲတွေဒဏ်ရာရမယ်ထင်တယ်” လို့ သူက ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို Mother and Sons မြို့ပြပျောက်ကြားတပ်ဖွဲ့က လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

 

ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်သားတွေက အောက်မင်္ဂလာဒုံလမ်းကိုပိတ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့သလို ရွာမအရှေ့ရပ်ကွက်‌ဈေးအတွင်းမှာလည်း ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အင်းစိန် CID ရုံးဟာ မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်ခံနေရတာပါ။ ပြီးခဲ့တဲ့လပိုင်းတွေကလည်း အဲဒီရုံးကို Dark Shadows မြို့ပြပျောက်ကြားတပ်ဖွဲ့က သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်