ကျိုက်ထိုတွင် အကျဉ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Author တေဇာ 
Categories
Published on May 02, 2024

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မရမ်းချောင် ( ရွှေဖြူ) အကျဥ်းဦးစီးဌာနမှ ညွန်ကြားရေးမှုူး ဗိုလ်ကြီးဟောင်း ဦးစင်းအောင် (ခ) ဝင်းအောင် ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ဧပြီ ၂၉ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Kyaikhto Revolution Force ထုတ်ပြန်ချက်အရ သိရသည်။

 

ဗိုလ်ကြီးဟောင်း ဦးစင်းအောင် (ခ) ဝင်းအောင်မှာ တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုကို ၎င်းကိုယ်တိုင်စုံစမ်းပြီး စစ်တပ်နှင့် ရဲထံသို့ သတင်းပေးခြင်း၊ တော်လှန်ရေးလုပ်ငန်းများကို အနှောင့်အယှက်ပေးခြင်းများကြောင့်  ဘီးလင်းမြို့နယ် ၊ယက္ကန်းသည်မကျေးရွာရှိ ၎င်းနှင့် ပုဂ္ဂိုလ်ရေးအရ ပတ်သက်သည်ဟုဆိုသော အမျိုးသမီးတစ်ဦး၏ နေအိမ်ရှေ့တွင် ikhto Revolution Force မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၎င်းထံမှ ပစ္စတိုသေနတ်တစ်လက်နှင့် ဝန်ထမ်းကဒ်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

 

”လုပ်ရိုးလုပ်စဉ်အတိုင်း ပူးပေါင်းအဖွဲ့တွေ သတင်းယူ ကြိုတင်ထောက်လှမ်းတာတွေလုပ်ပြီး ပစ်မှတ်နဲ့လူနဲ့ မှန်ကန်မှု ရှိ၊မရှိ စိစစ်ပါတယ်”ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ကျိုက်ထိုတော်လှန်ရေးအင်အားစုအနေဖြင့်   စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်လေ့ရှိရာ ယခုလ ဧပြီ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်စခန်းများကို နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။