ဗိုလ်စလုံးကို ကော်သူးလေတပ် တာဝန်မှ တစ်နှစ်ရပ်နား

Author လင်းနွေဦး
Categories
Published on May 02, 2024

ကော်သူးလေတပ်မတော်(KTLA)က အထူးကွန်မန်ဒိုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံးကို တာဝန်မှ တစ်နှစ်ရပ်နားလိုက်သည်။

 

ဗိုလ်မှူးကြီး စောစလုံးသည် ပြည်သူလူထု၏ သဘောထားကို ဆန့်ကျင်ခြင်း၊ အဖွဲ့အစည်းနှင့် ခေါင်းဆောင်၏ ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားစေရန် လုပ်ဆောင်ခြင်းတို့နှင့်ပတ်သက်၍ ကော်သူးလေအာမီကော်မတီ၏ ဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ တစ်နှစ်ကြာ ရာထူးတာဝန်မှ ရပ်ဆိုင်းလိုက်သည်ဟု KTLA ၏ ဧပြီလ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။

 

ဗိုလ်စလုံးအနေဖြင့် ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရားဝင်မသိရှိသေးကြောင်း ကရင်အခြေစိုက် KIC သတင်းဌာနကို ပြောသည်။

 

ထို့ပြင် KTLA က တပ်မဟာ(၆)နယ်မြေတွင် နယ်မြေပဋိပက္ခတိုက်ပွဲများပြားသည့်အတွက် ၎င်းကို တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းမည့်အကြောင်းကိုသာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆိုထားသည်ဟု ၎င်းက KIC ကို ပြောထားသည်။

 

“သူတို့ထုတ်တဲ့စာကိုတွေ့တော့ ရှင်းရှင်းလင်းလင်းလုပ်ဆောင်စေချင်တယ်။ ရှင်းရှင်းလင်းလင်းလုပ်ဆောင်မှ ဘယ်လိုဆုံးဖြတ်ရမလဲ၊ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကိုယ်လည်း ဆုံးဖြတ်လို့ရမယ်။ ကျွန်တော့်ကို တာဝန်မှ ရပ်နားခိုင်းမယ်ပြောတော့ ပြည်သူတွေကလည်း စိတ်ထဲကောင်းမှာမဟုတ်ဘူး။ ပြည်သူတွေကို ကျွန်တော်ဘယ်တော့မှ မဆန့်ကျင်ဘူး။ အဲဒါကြောင့် ပြတ်ပြတ်သားသား လုပ်ဆောင်စေချင်တယ်။ သူတို့ ထုတ်တဲ့စာက ကျွန်တော့်ဆီကို မပို့လာသေးဘူး” ဟု ဗိုလ်စလုံးက KIC သို့ပြောသည်။

 

ဗိုလ်စလုံးအနေဖြင့် တာဝန်မှရပ်နားခိုင်းထားသည့်အတွက် တာဝန်မယူတော့ဘဲ ရပ်နား၍ ရသော်လည်း နောက်ဆက်တွဲဖြစ်လာမည့် ခွဲထွက်မှုများရှိလာပါက ၎င်းအပေါ် အပြစ်တင်ပြောဆို၍မရဟု KIC သို့ ဖြည့်စွက်ပြောကြားထားသည်။

 

စစ်ကောင်စီကို ကူညီပေးသည်ဟု စွပ်စွဲချက်ဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) တပ်ဖွဲ့ဝင်တစ်ဦးကို ပြီးခဲ့သည့် ဧပြီလ (၈) ရက်နေ့တွင် KTLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူများကို အရေးယူပေးရန် DKBA တာဝန်ရှိသူတစ်ဦးက KTLA ဗဟိုရုံးချုပ်ထံ တင်ပြတောင်းဆိုခဲ့ပြီးနောက် ဗိုလ်စလုံးကို ရာထူးတာဝန်မှ တစ်နှစ်ကြာ အနားပေးကြောင်း ထုတ်ပြန်စာထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

 

ဗိုလ်စလုံးသည် ကော်သူးလေတပ်မတော်နှင့်မပူးပေါင်းမီက ဆင်ဖြူစစ်ကြောင်း၏ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်များက ၎င်းအခြေချနေထိုင်နေသည့် ဖလူးလေးစခန်းကို ဝင်ရောက်စီးနင်းပြီးနောက်ပိုင်းတွင် KNLA တပ်မဟာ(၆)မှ ခွဲထွက်လာခဲ့သော ဗိုလ်ချုပ် နယ်ဒါးမြ တည်ထောင်ထားသည့် ကော်သူးလေတပ်မတော်(KNLA)လက်အောက်သို့ ခိုလှုံကာ အထူးကွန်မန်ဒိုတပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပခုက္ကူခရိုင်တပ်ရင်း ၁၀ မှ လက်နက်ခဲယမ်းများဝယ်ယူရန် ပေးအပ်ထားသည့် ထိုင်းဘတ်ငွေ ၁၇ သိန်းနီးပါးကို ဗိုလ်စလုံးနှင့် ၎င်း၏ဇနီး ဒေါ်အေးနိုင်ဖောတို့က လက်နက်ခဲယမ်းများ ပေးအပ်ခြင်းမရှိသကဲ့သို့ ငွေများကိုလည်းပြန်ပေးခဲ့ခြင်းမရှိကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၀) တပ်ခွဲ(၂) တာဝန်ခံ ရဲဘော် ဒီရဲဂျာက CJ Platform သို့ပြောကြားထားသည်။

 

ထိုအချိန်က ဘတ် ၁၇ သိန်းနီးပါးကို ဗိုလ်စလုံး၏ ဇနီး ဒေါ်အေးနိုင်ဖော လက်ဝယ်သို့ ပေးအပ်ခဲ့ပြီး ယင်းငွေပေးအပ်ချိန်တွင် ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ကာ ဗလာစာအုပ်အတွင်း ပစ္စည်းစာရင်းနှင့်တကွ ဖလူးလေးစခန်းမှ IO နှင့် တပ်ခွဲမှူး နှုတ်ခမ်းမွှေးတို့ သက်သေအဖြစ် ရှိခဲ့သည်ဟု တာဝန်ခံ ဒီရဲဂျာက CJ Platform သို့ပြောကြားခဲ့သည့်အပေါ် ဗိုလ်စလုံးတို့ဘက်က ထိုကိစ္စနှင့်ပတ်သက်၍ CJ Platform မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် မသိရှိကြောင်း ဖြေရှင်းချက်ပေးခဲ့သည်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း၌လည်း ဗိုလ်စလုံး ဦးဆောင်မှုအောက်ရှိ KTLA အထူးကွန်မန်ဒိုတပ်ရင်းအတွင်း တပ်ဖွဲ့ဝင် ရဲမေတစ်ဦး အဓမ္မမှုကျူးလွန်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ KTLA တပ်ဖွဲ့ဝင် နှစ်ဦးကို ထောင်ဒဏ် (၁၀) နှစ်စီ ကျခံစေရန် KTLA အထူးစစ်ခုံရုံးမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ၌လည်း တပ်တွင်းကျူးလွန်မိသည့် အမှားတချို့ကို ဖြေရှင်းချက်မပေးဘဲ တိမ်းရှောင်နေသည်ဟုဆိုကာ KTLA မှ ဗိုလ်စလုံး၏ တပ်ရင်းမှူးတာဝန်ကို (၉)လကြာ ရပ်ဆိုင်းခဲ့သည့်အပြင် ယခုနှစ် ဧပြီလဆန်းပိုင်းတွင် ဗိုလ်စလုံးလက်အောက်ရှိ KTLA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဘော် ရဲရင့် သေဆုံးမှုဖြစ်စဉ်အတွင်း ဗိုလ်စလုံးပါဝင်ပတ်သက်မှုရှိသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည့်အပေါ် သာမန်အဆုံးစီရင်မှုသာဖြစ်ကြောင်း ဗိုလ်စလုံးက အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။

 

ဓာတ်ပုံ – KTLA

 

ပုံစာ – တာဝန်မှ ရပ်နားခံရသည့် ဒုတိယဗိုလ်မှူးကြီး စောစလုံး