နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးတို့ကို ဦးထိပ်ထားဆောင်ရွက်ဟု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌပြော နိုင်ငံရေးပါတီဖြစ်၍ လူထုထောက်ခံမှုလိုအပ်ဟုဆို

Author ကိုထားဝယ်
Categories
Published on May 01, 2024

စစ်သားများ ဦးဆောင်ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးတို့ကို ဦးထိပ်ထားဆောင်ရွက်နေကြောင်း ယင်းပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

 

နေပြည်တော်၊ ကြံ့ခိုင်ရေးပါတီမှ တိုင်းကော်မတီဝင်များ၊ (၄)ခရိုင်၊ (၈)မြို့နယ်မှ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ဥက္ကဋ္ဌများနှင့် ယမန်နေ့ ဧပြီ ၃၀ ရက်က တွေ့ဆုံခဲ့စဉ် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မိမိတို့နိုင်ငံသည် ယခင်တစ်ပါတီစနစ်မှ မိမိတို့ပါတီအပါအဝင် နိုင်ငံရေးပါတီများစုံလင်စွာပါရှိသော ပါတီစုံစနစ်ကို ကူးပြောင်းခဲ့ကြောင်း၊ မိမိတို့ပါတီသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးတို့ကို ဦးထိပ်ထားဆောင်ရွက်လျက်ရှိသည်” ဟု ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် ၎င်းက ပြောသည်။

 

ထိုအထဲ ဗိုလ်ချုပ်ဟောင်းက တစ်ပါတီစနစ်ဆိုသည့်စကားရပ်နှင့်ပတ်သက်၍ မည်သည့်ပါတီဟု နာမည်တပ်မပြောသော်လည်း လူထုထောက်ခံမှုအားကောင်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ပြောဆိုခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။

 

ကြံ့ခိုင်ရေးပါတီသည် နိုင်ငံရေးပါတီဖြစ်သည့်အလျောက် ထောက်ခံကြမည့်ပြည်သူများလိုအပ်သည့်အတွက် ပြည်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံနေရန်လိုအပ်ကြောင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီကိုယ်စားလှယ်ကို အရှက်တကွဲရှုံးနိမ့်ခဲ့သူ ၎င်းက ဆိုသည်။

 

ပါတီလုပ်ငန်းများလုပ်ဆောင်စဉ်နှင့် ပြည်သူများနှင့် ထိတွေ့ဆက်ဆံစဉ်တို့တွင် မိမိကိုယ်မိမိဗဟိုပြုသော အတ္တကိုလျှော့ချရန် လိုအပ်ကြောင်း ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်းက ဆက်ပြောသည်။

 

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် စစ်တပ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် သံသယများစွာဖြင့် အနိုင်ရလဒ်ရယူခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်တို့တွင် အရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။

 

ထို့နောက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီက မဲလိမ်မဲခိုးသည်ဟုဆိုကာ ထိုစဉ်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များက စစ်တပ်ကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် စစ်တပ်က မဲလိမ်မှုများဆိုသည့် စာရင်းများ ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်များစတင်မည့်နေ့တွင် အချိန်ကိုက် အာဏာသိမ်းခဲ့သည်။

 

လတ်တလော အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ်ရန် အပြင်းအထန်လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ အရေးကြီး ရှေ့လုပ်ငန်းစဉ် ငါးရပ် ချမှတ်၍ လုပ်ဆောင်နေသည့်အထဲ ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်၍ အချက်နှစ်ချက်ထည့်သွင်းထားသည်။

 

ထိုငါးချက်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရသူကို အာဏာလွှဲမည်ဟုဆိုထားသည်။

 

ဓာတ်ပုံ – USDP