ဆယ်ရက်ကျော် ပိတ်ခဲ့သည့် မြဝတီအမှတ် ၂ တံတား ပြန်ဖွင့်

Author လင်းနွေဦး
Categories
Published on Apr 30, 2024

ကရင်ပြည်၊ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးတံတားအမှတ်(၂)ကို ယနေ့ ဧပြီ ၃၀ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက မြို့စောင့်တပ် ခလရ-၂၇၅ တပ်မှ စစ်ကောင်စီတပ်သား ၂၀ဝ ကျော်ပုန်းခိုနေသည့် အမှတ် ၂ တံတားအနီးသို့ သွားရောက်တိုက်ခိုက်ခဲ့သည့် ဧပြီ ၂၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ဧပြီ ၂၉ ရက်အထိ ပိတ်ထားခဲ့ရာမှ ယနေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

 

“အရင်လိုတော့ ရုံးလုပ်ငန်းဆိုင်ရာသုံး ကွန်ပျူတာတွေ၊ ဆာဗာတွေ ပြင်နေရတုန်းမလို့ Digital စနစ်တော့ ချက်ချင်းကြီးပြန်မရသေးဘူးပေါ့။ တိုက်ပွဲတွေဖြစ်တုန်းက ပျက်စီးထိခိုက်တာတွေရှိခဲ့တော့ ပြန်ပြင်ရတာတွေရှိတယ်လေ။ ခုက စာရွက်စာတမ်းပုံစံနဲ့ပဲ ဖွင့်ပေးတာပေါ့။ စဖွင့်တာဆိုတော့ ချက်ချင်းကြီးတော့ အရင်လို အဝင်အထွက်တွေ သိပ်မများသေးဘူး” ဟု မြဝတီဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက CJ Platform သို့ပြောသည်။

 

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့သည် စီးပွားရေးအရအချက်အချာကျသည့်အပြင် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာရရှိသည်အထိ ဝင်ငွေကောင်းမှုကြောင့် စစ်ကောင်စီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ အကျိုးစီးပွားများ ပေါင်းစုနေသည့် မြို့တစ်မြို့လည်းဖြစ်သည်။

 

လတ်တလော စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကြီးကြပ်လျက်ရှိသည့် “အောင်ဇေယျ စစ်ဆင်ရေး” ကြောင့် ကုန်စည်များဖြတ်သန်းရာ ကော့ကရိတ်မြို့နှင့် ဘားအံ  အာရှလမ်းပိုင်းနေရာများတွင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ထို့ကော်ကိုး၊ နဘူး၊ ဘားအံ လမ်းပိုင်းများမှသာ ကုန်စည်များ သယ်ဆောင်သွားလာနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

“ကရင်ပြည်နယ်ကတော့ သိတဲ့အတိုင်း အဖွဲ့အစည်းစုံတယ်လေ။ ကုန်သွယ်ရေးလမ်းပိုင်းတွေမှာဆို ဂိတ်ကြေးကောက်တဲ့ အဖွဲ့တွေကလည်း အများသား။ ခု တံတားနှစ်ခုလုံး ရှေ့ဆင့်နောက်ဆင့် ပြန်ဖွင့်ပေမဲ့ လမ်းတွေမှာ တိုက်ပွဲတွေဖြစ်နေတော့ တိုက်ပွဲမဖြစ်တဲ့ ထို့ကော်ကိုးလမ်းကိုပဲ သုံးရတယ်။ ဖြတ်သန်းသွားလာခတွေတော့ ပေးရတာလည်း ပေါင်းလိုက်ရင် သိန်းချီကုန်တယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ မဟုတ်ရင် ဘယ်လိုခရီးရောက်တော့ပါ့မလဲ” ဟု ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုသွားလာနေသည့် ယာဉ်မောင်းတစ်ဦးက CJ Platform သို့ပြောသည်။

 

မြဝတီမြို့တွင် နယ်စပ်ချစ်ကြည်ရေး တံတား(၂)စင်းစလုံး ပြန်လည်အသုံးပြု သွားလာခွင့်ရရှိနေပြီဖြစ်သော်လည်း မြို့ပြင်နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ စစ်ကြောင်းများကြား ထိတွေ့မှုများရှိနေဆဲဖြစ်သည်။

 

ထို့ကြောင့် တိုက်ပွဲများပြန်လည်ပြင်းထန်လာမည်ကို စိုးရိမ်ရသည့် မြဝတီမြို့ခံ ၃၀၀၀ ခန့်သည် မြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေဆဲဖြစ်ကြောင်း ကရင်ပြည်အခြေစိုက် ဒေသအွန်လိုင်းမီဒီယာတစ်ခုဖြစ်သည့် KIC တွင် ဖော်ပြထားချက်အရ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ပြန်လည်ဖွင့်လှစ်လိုက်သည့် မြဝတီအမှတ်(၂)ကုန်သွယ်ရေးတံတားကို ထိုင်းနိုင်ငံဘက်ခြမ်းမှ တွေ့မြင်ရစဉ်(ပုံဟောင်း)