အုတ်ဖိုတွင် ရွာစဉ်လှည့် ပေါ်တာဆွဲနေသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးသူရှိဟုဆို

Author CJ Platform
Categories
Published on Apr 30, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများတွင် လှည့်လည်ကာ ဖမ်းဆီးမှုများပြုလုပ်နေသော စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်များက ဧပြီလ ၂၈ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တာဝန်ခံ ကိုဒေဝက CJ Platform သို့ပြောသည်။

 

ခမရ (၆၆) တိမ်မြုတ်တပ်လက်အောက်ခံ စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်ပါစစ်ကြောင်းကို အုတ်ဖိုဒေသခံတော်လှန်ရေးတပ်က သရက်နှစ်ဖျားလိမ်အုပ်စု၊ ဂွေးချိုကွင်းနှင့် ကျွန်းလှကုန်းကျေးရွာတို့ကို ဆက်သွယ်ထားသော တံတားအနီးတွင် ပဒေသာမိုင်း ၇ လုံးဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရသွားသည်ဟု ၎င်းက ပြောသည်။

 

“တိုက်ပွဲမဖြစ်ခင် တစ်ရွာကို တစ်ရက် ခြောက်ယောက်လောက်ဆွဲတာ။ သူတို့ကို စောင့်ကြိုမိုင်းဆွဲခဲ့တာ။ ခုနစ်လုံးကွင်းနဲ့စွဲတာ။ မိုင်းတစ်လုံးမှ မကျန်ဘူး။ အကုန်ကွဲတယ်။ ငါးကောင်(စစ်ကောင်စီတပ်သား ၅ ဦး) သေတယ်။ ကျန်တဲ့နှစ်ကောင်လည်း သေလောက်တယ်။ ဒီစစ်ကောင်စီတပ်က တိုက်ပွဲကို မသိစေချင်ဘူး။ အရမ်းလျှို့ဝှက်တယ်။ ကျွန်တော်တို့ကလည်း ရအောင်စုံစမ်းရတာပေါ့” ဟု ၎င်းက ပြောသည်။

 

မြန်မာ့နှစ်သစ်ကူးကာလနောက်ပိုင်း စစ်ကောင်စီတပ်သားများက စစ်မှုထမ်းဥပဒေအကြောင်းပြကာ လူငယ်လူရွယ်များကို အိမ်ထဲအထိဝင်ရောက် ဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အုတ်ဖိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာက လူငယ်တွေ ပြေးနေရတာပါဗျ။ ကျွန်တော်လည်း ပြေးနေရတာ။ ခုသူတို့က အိမ်ပေါ်တွေပါ တက်မွှေတာ။ တစ်အိမ်ဆင်း တစ်အိမ်တက်တွေ။ အခုပေါ်တာဆွဲနေတာ။ နှစ်ယောက်ပါသွားတယ်။ ခု(တိုက်ပွဲ)ဖြစ်တာကိုလည်း သူတို့ဘက်က အဲဒါမျိုးကျ အနားအကပ်မခံဘူးဗျ။ စစ်သားနှစ်ယောက်သေတယ်လို့တော့ ကြားတာပဲ” ဟု ၎င်းက ပြောသည်။

ဧပြီ ၂၈ ရက်က မိုင်းစွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများသည် ခမရ (၆၆) တိမ်မြုတ်တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး လတ်တလော အခြားစစ်ကြောင်းများသာ အုတ်ဖိုမြို့တွင်း ကျန်ရှိကြောင်း သိရသည်။

 

သေဆုံးအလောင်းနှင့် ဒဏ်ရာရစစ်သားများကို ဧပြီလ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ပြည်မြို့ဘက်သို့ သယ်ဆောင်သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းချိန်တွင် စစ်သုံး ဦးထုပ်သုံးလုံး၊ ကျည်ဘောက်ရှည်တစ်ခု၊ 5.56 ကျည် ၃၂ တောင့် သိမ်းဆည်းရရှိခဲ့သည်ဟု ကိုဒေဝက ပြောသည်။

 

ထို့ပြင် အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ၊ ချောက်ကမ်းပါးရှိ စစ်ဘက်ဆိုင်ရာ ကေဘယ်ကြိုးကို တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်ခဲ့သောကြောင့် ဧပြီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ လာရောက်ပြင်ဆင်ချိန် ဒေသခံတော်လှန်ရေးတပ်မှ ထန်းပင်ကုန်းနှင့် ဝင်းသရက်ကျေးရွာကြားတွင် ပဒေသာမိုင်း ၁၀ လုံးတွဲဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကာ ခုနစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို