စစ်ကိုင်းနှင့် ချောင်းဦးတွင် Jammer ကားနှင့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ယာဉ်နှင့် စစ်ကောင်စီတပ်သားထိခိုက်မှုရှိဟုဆို

Published on Apr 29, 2024

စစ်ကိုင်းတိုင်း၊ ချောင်းဦးနှင့် စစ်ကိုင်းမြို့တို့တွင် ယမန်နေ့တစ်ရက်တည်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကားနှင့် စစ်ကောင်စီတပ်သား ထိခိုက်မှုရှိနိုင်ကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် People’s Defence Force – South Monywa တပ်ခွဲ(၃)မှ တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

ဧပြီ ၂၈ ရက်တွင် ချောင်းဦးမြို့အထွက်ရှိ မြပုလဲစစ်ကောင်စီစစ်ဆေးရေးဂိတ်မှထွက်ခွာလာသော စစ်ကောင်စီ Jammer ကားသည် မုံရွေးတိုးဂိတ်ရှိ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို တင်ဆောင်၍ ဆက်လက်ထွက်ခွာလာစဉ် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ပဒေသာမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုကားကို မိနစ် ၃၀ ခန့်ပြင်ဆင်ပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် မြပုလဲဂိတ်ဘက်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။

 

ထပ်မံ၍ စစ်ကိုင်းမှထွက်လာသော Faw ကား ငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း ၃ လုံး ၁ ပွိုင့်၊ ၂ လုံး ၁ ပွိုင့်တို့ဖြင့် မွန်းလွဲ ၂ နာရီ ၄၈ မိနစ်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားများထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အထိအခိုက်အသေအဆုံးရှိနိုင်သည်ဟု People’s Defence Force – South Monywa တပ်ခွဲ(၃)မှ တာဝန်ရှိသူက CJ Platform သို့ပြောသည်။

 

ဖောကားငါးစီးအနက် နှစ်စီးနှင့် သုံးစီးမြောက်တို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပျက်စီးကားများကို ပြန်လည်ပြင်ဆင်ပြီးနောက် မုံရွာဘက်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု သိရသည်။

 

“အထိအခိုက်အပျက်အစီးတွေကို ပြင်ပြီး ဆက်မောင်းသွားကြတယ်။ အသေဆုံးကတော့ ရှိနိုင်တယ်။ ကားပေါ်မှာ အမည်မသိပစ္စည်းတွေပါလာကြောင်း သိထားရပါတယ်” ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်သားများဘက်က ပြန်လည်ပစ်ခတ်မှုအချို့ရှိခဲ့သော်လည်း တော်လှန်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

 

ယင်းတိုက်ခိုက်မှုများကို People’s Defence Force – South Monywa တပ်ခွဲ(၃)၊ တပ်စု(၂) Youth Vigor Revolution Force၊ မုံရွာခရိုင်တပ်ရင်း(၁၁)တပ်ခွဲ(၂) Black Hunter People’s Task Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ချောင်းဦးမြို့ထွက်ရှိ မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ၊ ၈၀ မမ တို့ဖြင့် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

 

ဓာတ်ပုံ – မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း