ကြုံရာပွဲ နားပူနားဆာလုပ်နေသည့် စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ရုရှား-အာဆီယံ လုံခြုံရေးအစည်းအဝေးတက်လာသည့် နိုင်ငံများကို ထပ်လုပ်

Author ကိုထားဝယ်
Categories
Published on Apr 29, 2024

စစ်ခေါင်းဆောင် သမ္မတလုပ်နိုင်ရန်ကျင်းပမည့် အမည်ခံရွေးကောက်ပွဲကျင်းပရေးအပါအဝင် စစ်ကောင်စီရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ရှားရှားပါးပါးတက်ရောက်ရသည့် ပွဲတကာတွင် လိုက်လံနားပူနားဆာလုပ်လေ့ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကျင်းပခဲ့သော ရုရှား-အာဆီယံ လုံခြုံရေးဆိုင်ရာအစည်းအဝေးပွဲသို့ တက်ရောက်လာသည့်နိုင်ငံများကို စစ်ကောင်စီတာဝန်ရှိသူများက ထပ်မံပြုလုပ်ခဲ့ကြသည်။

 

၁၂ ကြိမ်မြောက် လုံခြုံရေးဆိုင်ရာအဆင့်မြင့်အရာရှိများအစည်းအဝေးကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ဧပြီ ၂၃ မှ ၂၅ ရက်အထိကျင်းပခဲ့သည်။

 

အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီ အမျိုးသားလုံခြုံဆိုင်ရာ အကြံပေး၊ စစ်ကောင်စီ ဥက္ကဋ္ဌရုံး(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်အပါအဝင် လေ့ကျင့်ရေးဌာန ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်တို့ ပါဝင်တက်ရောက်ခဲ့သည်။

 

ထိုအစည်းအဝေးအတွင်း ဧပြီ ၂၄ ရက်နေ့တွင် စစ်ကောင်စီ အမျိုးသားလုံခြုံဆိုင်ရာ အကြံပေးသူက ပါဝင်ဆွေးနွေးခွင့်ရခဲ့ပြီး ၎င်းက ရွေးကောက်ပွဲလုပ်၍ အနိုင်ရသူကို အာဏာလွှဲမည်ဆိုသည့်အချက်ပါဝင်သော စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို နားပူနားဆာဝင်လုပ်ခဲ့သည်။

 

ထို့ပြင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အီသီယိုးပီးယားနှင့် မိုဇမ်ဘစ် နိုင်ငံတို့က လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် သီးခြားတွေ့ဆုံစဉ်တွင်လည်း ယင်းလုပ်ငန်းစဉ် ၅ ရပ်ကို သီးသန့်ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားချက်များအရ သိရသည်။

 

စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်တတိယလှိုင်းဒဏ်နှင့် စစ်ပွဲဒဏ်တို့ကို ပြည်သူများခံစားခဲ့ရသော်လည်း ဧပြီ ၂၅ ရက် ဆွေးနွေးပွဲအတွင်း လေ့ကျင့်ရေးဌာန ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်က သဘာဝနှင့် လူတို့ကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်နှင့် လက်နက်ကိုင်ပဋိပက္ခများအကြား ပြည်သူများအပေါ်အကာအကယ်ပေးနိုင်ရေးဆိုင်ရာ အဓိကပြဿနာများကို ပါဝင်ဆွေးနွေးခဲ့သည်။

 

စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတွင်း ပထမဆုံးအချက်တွင် ရွေးကောက်ပွဲဖြင့် စတင်ထားသည်။ ယင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး တစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးနိုင်အောင် အလေးထားဆောင်ရွက်မည်ဟူ၍ ဖြစ်သည်။

 

ဒုတိယအချက်တွင်မူ ယခင် စစ်အစိုးရများနည်းတူ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ပြီး နိုင်ငံ့စီးပွားနှင့် ပြည်သူ့လူမှုစီးပွားမြင့်မားရေးကြိုးပမ်းမည်ဟု ဆိုထားသည်။

 

တတိယအချက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးရလဒ်တည်ငြိမ်စေရေး NCA သဘောတူညီချက်အတိုင်း တတ်နိုင်သမျှ အလေးထားဆောင်ရွက်မည်ဟု စစ်ကောင်စီခေါင်းဆောင်များစွဲကိုင်ထားသည့်မူအတိုင်း ဆက်ဆိုသည်။

 

စတုတ္ထအချက်တွင် စစ်မှန်ပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။

 

နောက်ဆုံးတွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်တွင် အနိုင်ရမည့် အစိုးရကို တာဝန်လွှဲအပ်မည်ဟု ဆိုထားသည်။ မဲပေးခွင့်ရှိသူများ မနစ်နာစေဘဲ စနစ်တကျဖြင့် မှန်ကန်သည့် ရွေးကောက်ပွဲဖြစ်လာစေရေး ဆောင်ရွက်ခြင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါဝင်သည်။

 

ထိုလုပ်ငန်းစဉ်ငါးရပ်ကို ယခုလ တတိယပတ်အတွင်းမှစတင်၍ စစ်ကောင်စီဝါဒဖြန့်သတင်းစာမျက်နှာဖုံးများတွင် နေ့စဉ်ထုတ်ပြန်ထားသည်ကိုတွေ့မြင်ရသည်။

 

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း မဖြစ်ဖြစ်သည့်နည်းဖြင့် ကျင်းပသွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် နှံ့စပ်သူပြည်သူအချို့က သုံးသပ်ပြောဆိုနေကြသည်။

 

သို့သော် ပြည်တွင်း/ပြည်ပရှိ မြန်မာနိုင်ငံသူ/သားများမှာ စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲတွင် ပါဝင်မဲပေးလိုခြင်းမရှိကြပေ။

 

“လက်နက်နဲ့ ခြိမ်းခြောက်ပြီး မဲပေးခိုင်းရင်ခိုင်း၊ မဟုတ်ရင်တော့ ၂၀၁၀ တုန်းကလို သူတို့ဘာသာသူတို့ မဲလိမ်၊ မဲခိုးပြီး အနိုင်ယူသွားမှာပဲ။ မဲပေးဖို့ဆန္ဒကတော့ ဝေလာဝေးပါပဲ” ဟု အသက် ၄၁ နှစ်အရွယ်ရှိ ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

 

ဓာတ်ပုံ – MOI

 

ပုံစာ – ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးပုံကို မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် ဥက္ကဋ္ဌကို ရှင်းပြနေစဉ်

Related News

Depend on news