ဖာပွန် ခမရ-၃၄၀ စခန်းသိမ်းတိုက်ပွဲအတွင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်နှစ်ဦးကျဆုံးခဲ့

Author လင်းနွေဦး
Categories
Published on Apr 26, 2024

ကရင်ပြည်နယ် ဖာပွန်မြို့နယ် အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၃၄၀ စခန်းသိမ်းတိုက်ပွဲအတွင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှ ရဲဘော်နှစ်ဦး ဧပြီလ ၂၄ ရက်နေ့တွင် ကျဆုံးခဲ့ရကြောင်း Royal Peacock Column (တော်ဝင်ဒေါင်းစစ်ကြောင်း)မှ ထုတ်ပြန်သည်။

 

ဖာပွန်မြို့တွင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ပြီးနောက် မြို့ကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက် ကျန်ရှိသည့် မြို့ပြင်တပ်စခန်းအများအနက် တစ်ခုဖြစ်သည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၄၀ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကျဆုံးရဲဘော်များနှင့် နီးစပ်သူထံမှ သိရသည်။

 

ကျဆုံးရဲဘော်နှစ်ဦးမှာ တော်ဝင်ဒေါင်းစစ်ကြောင်း၏ တပ်ခွဲ(၂) တပ်စုမှူး ဖြစ်သူ ရဲဘော် ဘေကြီးနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOG ၊ တပ်ခွဲ (၂) မှ ရဲဘော်ကိုဌက်တို့ ဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ရဲဝင့်စွာ တိုက်ခိုက်ရင်းကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကျဆုံးရဲဘော်များနှင့် နီးစပ်သူ ရဲဘော်တစ်ဦးမှ ဆိုသည်။

 

“တပ်စုမှူး ရဲဘော် ဘေကြီး နဲ့ ရဲဘော် ကိုဌက်တို့ ဖာပွန် မြို့သိမ်းတိုက်ပွဲတလျောက် ပါခဲ့ပါတယ်။ခုလည်း မြို့ပြင် ခမရ-၃၄၀ တိုက်ပွဲမှာလည်း ထူးချွန်စွာတိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရတာပါ။ သူတို့ကို သူငယ်ချင်းအနေနဲ့ရော ရဲဘော်ရဲဘက် အနေနဲ့ရော ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”ဟု ကျဆုံးရဲဘော်များ နှင့်နီးစပ်သူ ရဲဘော်တစ်ဦးမှ CJ Platform သို့ပြောသည်။

 

တောဝင်ဒေါင်း စစ်ကြောင်းကမူ ကျဆုံးသွားသည့် ရဲဘော် ကိုဘေကြီး နှင့် ရဲဘော် ကိုဌက်တို့ကို အာဇာနယ်သူရဲကောင်းများအဖြစ် သတ်မှတ်ပြီး တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဦးညွတ်ကာ ရဲဘော်တို့၏ သတ္တိကို အစည်အမြဲ လေးစားစွာ  ဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်း ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

 

ဖာပွန်မြို့တွင်းအား KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ မတ်လ ၂၈ ရက်နေ့ ကြာသပတေးနေ့တွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖာပွန်မြို့ကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ရန် အတွက် မြို့စွန်ရှိ ခလရ-၁၉ တပ်ရင်း၊ ဗျူဟာကုန်းနှင့် ခမရ ၃၄၀ တို့ ကျန်ရှိရာတွင် ခလရ -၁၉ တပ်ရင်းကိုလည်း မတ်လ ၃၀ ရက်နေ့ စနေ့နေ့ ညပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

 

ဓာတ်ပုံ- တော်ဝင်ဒေါင်း စစ်ကြောင်း

 

ပုံစာညွှန်း – ကျဆုံးခဲ့ရသည့်ရဲဘော်  ကိုဌက် (ဝဲဘက်) နှင့် ရဲဘော် ဘေကြီး (ယာဘက်)