ရဲလင်မယား ရန်ဖြစ်ရာမှ သေနတ်ပစ်ဖောက်သဖြင့် ပြည်သူများ ထိတ်လန့်ခဲ့ရ

Author ဂျွန်နသန်
Categories
Published on Apr 25, 2024

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မရဲစခန်းရှိ ရဲလိုင်းခန်းအတွင်း ဧပြီလ ၂၂ ရက် ည ၁၂နာရီခန့်တွင် သေနတ်ပစ်ဖောက်သံကြားခဲ့ရကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

နယ်ထိန်းတစ်ဦးဖြစ်သည့် ရဲတပ်သားတစ်ဦးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လင်မယား စကားများရန်ဖြစ်ရာမှ သေနတ်ပစ်ဖောက်ခဲ့ခြင်းဖြစ်ကာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 

” လင်မယား စကားများရန်ဖြစ်ပြီး သေနတ်နဲ့ပစ်တာပါ၊ လိုင်းခန်းထဲ သေနတ်သံကြားတော့ PDF ဝင်တယ်ထင်ပြီး တချို့ဆို သေနတ်တွ ဘာတွေ ပြေးဆွဲကြသေးတယ် ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ CJ Platform ကိုပြောသည်။

 

ယင်းသို့ သေနတ်ပစ်ဖောက်ရာတွင် ၂ ချက်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ခဲ့ကြကြောင်း သိရသည်။

 

” ည သန်းခေါင်ကြီး တိတ်ဆိတ်နေတော့ သေနတ်သံကို တစ်မြို့လုံးကြားရတယ်၊ ဒီကာလကြီးမှာ အခုလိုကြားတော့ လန့်တာပေါ့၊ ညဖက်ကြီး ပေါ်တာဆွဲတာတွေလည်း ကြားရတော့ လန့်နေကြတာ ” ဟု မြို့ခံတစ်ဦးမှ CJ Platform သို့ပြောသည်။

 

သေနတ်ပစ်ခတ်ခဲ့သည့် ရဲဝန်ထမ်းအား အရေးယူဆောင်ရွက်ရန်ပြုလုပ်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှသိရှိရပြီး နယ်ပြောင်းရနိုင်ဖွယ်ရှိကြောင်းနှင့် ပြည်သူများကြား သေနတ်ကျည်ရှင်းခြင်းသာဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း သိရသည်။

 

အာဏာသိမ်းပြီး အချိန်မှစ၍ ညောင်တုန်းမြို့တွင် ပြည်သူများ ကြောက်လန့်စေရန် သေနတ် ပစ်ဖောက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ဧရာဝတီတံတား(ညောင်တုန်း) ရှိ စစ်ကောင်စီ ဂိတ်စခန်းမှ မကြာခဏ ပစ်ဖောက်လေ့ရှိကြောင်း ဒေသခံများမှဆိုသည်။