ကော့ကရိတ်မြို့ နေရာအချို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

Author လဂွန်းအိမ်
Categories
Published on Apr 12, 2024

တော်လှန်ရေးတပ်ဖွဲ့များ လေးလကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် ကော့ကရိတ်မြို့ နေရာအချို့ကို ယနေ့ ဧပြီ ၁၂ ရက်နေ့တွင် ပြန်လည်စွန့်လွတ်ခဲ့ရကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

ယမန်နေ့ညမှစ၍ စစ်ကောင်စီမှ ဟောင်ဝှစ်ဇာများ တင့်ကားများဖြင့် ကော့ကရိတ် မြို့ဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်နေခဲ့ကြောင်း၊ ယနေ့ နံနက် ၇ နာရီအကျော်တွင် အင်အားအများအပြားဖြင့် စတင်တိုးဝင်လာခဲ့သဖြင့် တော်လှန်ရေးတပ်များ ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

“ဟုတ်တယ် ကျွန်တော်တို့ကလဲ အင်အားနည်းနေတဲ့အချိန်ဆိုတော့ ဆုတ်ပေးလိုက်ရတာ၊ ဒီနေ့မနက် ၈နာရီဝန်းကျင်ကပေါ့။ အားလုံး‌ အန္တရာယ်တော့ကင်းပါတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးမှ CJ Platform ကိုပြောသည်။

 

ယနေ့ နေ့လယ်မှစတင်ကာ ကော့ကရိတ်မြို့တွင်းမှ မီးခိုးများအူတက်နေပြီး စစ်ကောင်စီတပ်သားများ မှ မြို့တွင်းတွင် မီးရှို့နေကြောင်း သိရှိရပြီး အနီးရှိကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်နေသဖြင့် ကျေးရွာနေပြည်သူများမှ ထွေလာဂျီများ ဆိုင်ကယ်များဖြင့် ပြေးလွှားကာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

 

စစ်ကောင်စီမှ လေကြောင်းဖြင့် အချိန်ပြည့်နီးပါး လှည့်လည်နေပြီး သံချပ်ကာကား တံတားထိုးကား များပါဝင်သည့် စစ်ကောင်စီ၏စစ်ကူ စစ်ကြောင်းမှာ သင်္ကန်းညီနောင် နှင့် မြဝတီဘက် ဦးတည်နေသဖြင့် စိုးရိမ်ဖွယ်ရာအနေအထားဖြစ်နေကြောင်းသိရှိရသည်။

 

ဓာတ်ပုံ – ပေးပို့