မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကားနှင့် ပျူစောထီးများကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

Author လဂွန်းအိမ်
Categories
Published on Apr 12, 2024

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီ ယာဉ်တန်းနှင့် မိုင်းရှင်းရန်လာသည့် ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်တွင် ပျူစောထီးတစ်ဦးသေဆုံးသည့်အပြင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းမှထွက်လာသော စစ်ကောင်စီတပ်မ ၃၃ မှ ခြောက်ဘီးကားနှင့် ၁၂ ဘီးကားတို့အနက် ခြောက်ဘီးကားကို ညနေ ၄ နာရီခန့်တွင် ပဒေသာမိုင်းငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု Brave Heart Army-BHA ထံမှ သိရသည်။

 

ထို့နောက် ဆက်လက်စောင့်ဆိုင်းနေစဉ် မိုင်းရှင်းရန်ရောက်လာသည့် တောပုကျေးရွာမှပျူတပ်ဖွဲ့ဝင်များကို ဆင်ခံဘုရားအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

 

“သတင်းရလို့ ထွက်လာတာ။ မိုင်းထောင်ပြီး စောင့်နေခဲ့တာဗျ။ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာ နမခကို သွားတာဗျ။ ပွိုင့်မှာ ကြိုစောင့်နေတာ။ ခွေးတွေ ပွိုင့်ရှေ့ရောက်လာတာ မြင်တာနဲ့ တန်းဆွဲလိုက်တယ်။ ငါးကောင်လုံး လဲသွားတာ” ဟု ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ Brave Heart Army – BHA မှ ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

ထိုသို့တိုက်ခိုက်ခံရအပြီး ပျူစောထီးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်မူများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ခိုက်ခံရမှုအပြီး ဒဏ်ရာရ၊ သေဆုံးသွားသူများကို Light Truck ကားဖြင့် မုံရွာနမခအတွင်းသို့ သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်များကို ကိုးကား၍ BHA မှ ရဲဘော်က ဆိုသည်။

 

အဆိုပါတိုက်ခိုက်မှုကို Brave Heart Army-BHA ကဦးဆောင်ပြီး Chindwin Fighter Group-CFG နှင့် ဗန္ဓုလအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – Brave Heart Army-BHA