မူဆယ်တွင် ပြန်ပေးဆွဲခံရသည့် ဆရာဝန် လေးရက်ကြာသည်အထိ မိသားစုနှင့်အဆက်အသွယ်မရသေးဟုဆို

Author ကိုထားဝယ်
Categories
Published on Apr 12, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်၊ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသော ဒေါက်တာ မိုးကျော်နိုင်ဆေးခန်းမှ ဆရာဝန်တစ်ဦး ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က ပြန်ပေးဆွဲခံရကြောင်း တအာင်း/ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

 

ဆေးခန်းအတွင်း လူနာများကို ဆေးကုသပေးနေစဉ် အမည်မသိ အမျိုးသားလေးဦးက ကားဖြင့်ရောက်ရှိလာပြီးနောက် သေနတ်ပြခြိမ်းခြောက် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ကို လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာသည့် ဆေးခန်း CCTV မှတ်တမ်းတွင် တွေ့မြင်ရသည်။

 

လေးရက်အကြာ ယနေ့ ဧပြီ ၁၂ ရက်နေ့အထိ ၎င်းဆရာဝန်ကို မည်သည့်အဖွဲ့က မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ အဆက်အသွယ်မရရှိသေးသည့်အတွက် မိသားစုများအနေဖြင့် စိုးရိမ်နေကြသည်ဟု PSLF/TNLA ပြန်ကြားရေးက ဆိုသည်။

 

“သူ့ဆေးခန်းထဲမှာ လူနာကုနေတုန်း ဖမ်းခံရတာ။ တချို့လူနာဆို ဆေးချိတ်ထားတယ်။ တချို့လည်း ဆရာဝန်ကို စောင့်နေကြတာ ရှိနေတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက PSLF/TNLA ပြန်ကြားရေးသို့ ပြောသည်။

 

လတ်တလော စစ်ကောင်စီနှင့် ပြည်သူ့စစ်များစွာရှိနေကြသည့် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့အတွင်း လောင်းကစားပေါများပြီး ခိုးဆိုးလုယက်မှုများလည်း မကြာခဏဖြစ်ပွားနေသည့်အတွက် မြို့နေ ပြည်သူလူထု စိုးရိမ်နေကြပြီး ဘဝလုံခြုံရေး မရှိတော့သလို ခံစားနေရသည်ဟု ဒေသခံများထံမှ သိရသည်။

 

ရုပ်သံ – PSLF/TNLA