စစ်ရေးတင်းမာနေမှုကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ယာယီပိတ်သိမ်း၊ ထွက်ပြေးစစ်သားများ တံတားမှတစ်ဆင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်မှုများရှိနေဟုဆို

Author လင်းနွေဦး
Categories
Published on Apr 11, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေတင်းမာမှုများကြောင့် ထိုင်းနိုင်ငံဘက်မှ ယနေ့ ဧပြီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ကာ ယာယီပိတ်သိမ်းထားကြောင်း ဒေသခံများက CJ Platform သို့ပြောသည်။

 

မြဝတီမြို့စောင့်တပ် ၂၇၅ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ယင်းစခန်းမှ စစ်ကောင်စီတပ်သား ၂၀ဝ ခန့် မြဝတီ-မဲဆောက် နယ်စပ်ဒေသရှိ ချစ်ကြည်ရေးတံတား အမှတ်(၂) တံတားအနီးသို့ ထွက်ပြေးလာသဖြင့် ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်မှ တံတားဖြတ်သန်းဝင်ရောက်ခွင့်ကို ယာယီပိတ်သိမ်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

 

“အဲဒီစစ်သားတွေ ပြေးလာတာ လက်နက်ခဲယမ်းတွေ အပြည့်ပါတယ်လေ။ ထိုင်းဘက်ကို ခိုလှုံခွင့်တောင်းထားတယ်ကြားတယ်။ မနက်ပိုင်းကအထိ တံတားကနေ ကုန်ကားတွေဖြတ်သေးတယ်။ ခုပေးမဖြတ်တော့ဘူး။ ယာယီ ပိတ်လိုက်တဲ့သဘောပေါ့။ စစ်သားတွေကတော့ ရှိတုန်းပဲ။ သူတို့ကို ထိုင်းဘက် ပေးဝင်မယ့်သဘောတော့ရှိတယ်။ နှစ်ယောက်တစ်တွဲ ဝင်သွားတာမျိုးတွေလည်း တွေ့တယ်” ဟု ချစ်ကြည်ရေး အမှတ်(၂)တံတားအနီး နေထိုင်သူ ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

ယခုကဲ့သို့ စစ်ကောင်စီ လက်အောက်ခံတပ်သားများက လက်နက်ခဲယမ်းများယူဆောင်ကာ တံတားအနီး နေရာယူ စောင့်ဆိုင်းမှုများရှိနေသည့်အတွက် ပြည်သူများနေထိုင်ရာ နေရာဒေသများအတွင်း ရမ်းသမ်းပစ်ခတ်မှုများ ရှိလာနိုင်သည့်အတွက် သတိထားနေထိုင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က သတိပေးထုတ်ပြန်ထားသည်။

 

“ကျွန်တော်တို့ မနက်ကတည်းက ခလရ (၂၇၅)ကို ဝင်လုံးတုန်းက ခက်မယ်ထင်ထားတာ။ အရင်ရက်တွေကတည်းက ပိတ်ဆို့ထားမှုတွေ လုပ်ထားတာက တစ်ပိုင်းပေါ့လေ။ တကယ်လည်း ဝင်ရော ဘယ်လောက်မှတောင် မကြာလိုက်ဘူး။ သူတို့ ထွက်ပြေးကြတယ်လေ။ ခဏလေးနဲ့ ရလိုက်တယ်” ဟု KNLA အထူးတပ်ဖွဲ့ဝင်တစ်ဦးက CJ Platform သို့ပြောသည်။

 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်(Srettha Thavisin)ကမူ မြန်မာနိုင်ငံတွင်း ပဋိပက္ခများကို ထိုင်းနိုင်ငံ ပိုင်နက်အတွင်းသို့ ရောက်ရှိခွင့်ပြုမည်မဟုတ်ဘဲ မြန်မာ စစ်တပ်ပိုင် တိုက်လေယာဉ်များကိုလည်း ထိုင်းလေပိုင်နက်အတွင်း ပျံသန်းခွင့်ပြုမည်မဟုတ်ကြောင်း ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်များရှေ့မှောက်တွင် ထုတ်ဖော်ပြောကြားသည်။

 

သို့ရာတွင် ဧပြီ ၉ ရက်နေ့ညပိုင်းတွင် KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်လိုက်သည့် သင်္ဃန်းညီနောင်ဗျူဟာစစ်စခန်းမှ လက်နက်ချစစ်သည်များနှင့် မိသားစုဝင်များကို လာရောက်ခေါ်ဆောင်ရန်နှင့် မြဝတီမြို့ပေါ်ရှိ ဘဏ်များမှ လက်ကျန်ငွေသားများကို ပြန်လည်သယ်ယူရန်အတွက် မြန်မာစစ်တပ်ပိုင် Myanmar National Airline(MNA)မှ လေယာဉ်တစ်စင်း ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်သို့ ဆင်းသက်မှုရှိခဲ့သော်လည်း မည်သည့်လူပုဂ္ဂိုလ်ကိုမှ သယ်ဆောင်နိုင်ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာခဲ့ရကြောင်း ဒေသခံများနှင့် ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

လက်ရှိအချိန်ထိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၂) တံတားအနီးတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များကို တွေ့မြင်နေရပြီး ၎င်းတို့ ပုံပန်းသွင်ပြင်များမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ တံတားအနီးသို့ စတင်ရောက်ရှိစဉ်က ဖရိုဖရဲပုံစံများဖြင့် ရောက်လာသော်လည်း ယခုအခါ နှစ်ယောက်တစ်တွဲ ပုံစံဖြင့် ကင်းစောင့်သည့်အနေအထားများ တွေ့မြင်နေရကြောင်း ဒေသခံများက CJ Platform သို့ သတင်းပေးပို့သည်။

 

ထိုသို့ ကုန်ကားများအဓိက ကူးသန်းသွားလာသည့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်က ယာယီပိတ်သိမ်းလိုက်သော်လည်း လူများ အဓိက ဖြတ်သန်းသည့် အမှတ် ၁ တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်