ရန်ကုန်နှင့် မန္တလေးတွင် အပူရှပ်၍ ပထမဆုံးလူသေဆုံးမှုများဖြစ်ပေါ်

Author ကိုထက်
Categories
Published on Apr 10, 2024

မြန်မာနိုင်ငံတစ်ဝှမ်း ဧပြီလဆန်းပိုင်းမှစတင်ကာ အပူချိန်မြင့်မားမှုကြောင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အပူရှပ်၍ ရုတ်တရက်သေဆုံးမှုများ ယခုနှစ်အတွင်း ပထမဆုံးဖြစ်ပေါ်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၉ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရဟန်းတစ်ပါး မူးလဲပြီး ရုတ်တရက်ပျံလွန်တော်မှုသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်တိုင်း)ထံမှ သိရသည်။

 

 

“ရန်ကုန်မှာတော့ ပထမဆုံးပဲဖြစ်တာ။ အခု အပူချိန်က အရမ်းမြင့်နေတယ်။ သက်ကြီးရွယ်အိုတွေ အရမ်းသတိထားနေသင့်တယ်။ အခန့်မသင့်ရင် ဦးနှောက်သွေးကြောပေါက်ပြီး အသက်ဆုံးနိုင်ခြေအရမ်းများပါတယ်” ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

အလားတူ ယမန်နေ့ နံနက်ပိုင်းကပင် မန္တလေးမြို့ ဈေးချို ၂၈ -၂၉ × ၈၅ – ၈၆ လမ်းတွင် အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဉ် မူးလဲသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)ထံမှ သိရသည်။

 

ထို့ပြင် ပြည်မြို့တွင်လည်း အပူဒဏ်ကြောင့် အပူရှပ်ခြင်း၊ ရုတ်တရက်သတိလစ်သည့်သူများ များပြားလာကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

 

ယခုရက်ပိုင်းအတွင်း အမြင့်ဆုံးအပူချိန်များအဖြစ် ချောက်နှင့် မကွေးမြို့နယ်များတွင် ၄၃ မှ ၄၆ ဒီဂရီစင်တီရိတ်အထိရှိနေသကဲ့သို့ ရန်ကုန်နှင့် မန္တလေးတို့တွင် ၃၇ မှ ၄၀ စင်တီဂရိတ်အထိခံစားနေရသည်။

 

ဓာတ်ပုံ – မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)